News

POST TYPE

LOCAL

ရွှေတိဂုံစေတီရှိသော သိင်္ဂုတ္တရကုန်းတော် မြေပြိုမှု မဖြစ်စေရန် လုပ်ဆောင်မည်
24-Jun-2018

ရန်ကုန်၊ ဇွန် ၂၄

ရွှေတိဂုံစေတီတော်တည်ရှိသော သိင်္ဂုတ္တရကုန်းတော်၌ မြေပြိုမှုမဖြစ်ပေါ်စေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနရှိ ပညာရှင်များနှင့်ညှိနှိုင်း၍လုပ်ဆောင်မည်ဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့မှ ဦးထွန်းအောင်ငွေက ပြောကြားသည်။

“ဒုဝန်ကြီးက စေတီတော်နဲ့ပတ်သက်လို့ စိုးရိမ်နေတာနဲ့ ဒီနေ့ ဆွေးနွေးပွဲ လုပ်ဖြစ်သွားတာပါ။ အဓိကတော့ ဆောက်လုပ်ရေးဘက်က ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ မြေပြိုမှုမရှိအောင် ဆောင်ရွက်မယ်”ဟု ၎င်းကဆိုသည်။

သို့သော် မည်သည့်နည်းပညာဖြင့် ကြိုတင်ကာကွယ်မှု ပြုလုပ်မည်ကို ၎င်းက ပြောကြားခြင်းမရှိပေ။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံး၌ ဇွန်လ ၂၄ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ဦးဆောင်၍ ဆောက်လုပ်ရေးဆိုင်ရာ ပညာရှင်များ အပါအဝင် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တို့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

“ကုန်းတော်ရဲ့ မြေသားထုတော့ ကောင်းတယ်။ ရေရှည်ထိန်းသိမ်းဖို့အတွက် နည်းလမ်းရှာထားဖို့လိုတယ်။ မြေကြောစနစ်က ရေစိမ့်ဝင်မှု ရှိလာပြီ။ တချို့နေရာတွေ ကျောက်စီနံရံမျိုး ကာသင့်ရင် ကာဖို့လိုတယ်”ဟု ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းက မှတ်ချက်ပြုသည်။

ရွှေတိဂုံစေတီရင်ပြင်တော်သည် ၁၄ ဧက ကျယ်ဝန်းပြီး မြေသားထုပေ ၂၀ ခန့် အနက်ရှိသဖြင့် ကုန်းတော်၏ မြေသားထု အောက်ခြေတွင် ကျောက်သားလွှာ တစ်ထပ်ရှိကြောင်း၊ သို့သော်လည်း မြေသားအတွင်းသို့ ရေစိမ့်ဝင်ရောက်နိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်မှု ပြုလုပ်ရန် လိုအပ်နေခြင်းဖြစ်ကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ နေရာအနှံ့အပြား ဖြစ်ပေါ်ခဲ့ပြီး ထင်ရှားသည့် ကျိုက်သလ္လံဘုရား အနောက်ဘက် စောင်းတန်းရှိ မြေသားများပြိုကျကာ နတ်နန်းအဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။

J-17