News

POST TYPE

LOCAL

တောဆင်ရိုင်းသတ်ဖြတ်ခံရမှုမှ ကာကွယ်ရန် ကင်းလှည့်မည်
28-May-2018
မန္တလေး၊ မေ ၂၇

မန္တလေးတိုင်းအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရခြင်းမှကာကွယ်နိုင်ရန် တောတွင်းစခန်းချကင်းလှည့်မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မြန်မာထံမှသိရသည်။

“ဆင်တွေအသတ်မခံရအောင် သစ်တောရဲနဲ့ပေါင်းပြီးလုပ်မယ်။ ဆောင်ရွက်မှု အားကောင်းလာပြီဆိုရင် သတ်ဖြတ်ခံရမှုတွေ လျော့သွားမယ်လို့ ယုံကြည်တယ်။ ဒီလိုမှမလုပ်ဘူးဆိုရင် နောင်နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံက ဆင်တွေရဲ့အခြေအနေက စိုးရိမ်စရာအထိ ရောက်သွားနိုင်တယ်။ ဇွန် သို့မဟုတ် ဇူလိုင်လလောက်မှာ လုပ်ဖြစ်မယ်လို့ခန့် မှန်းထားတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်မှ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက် ကားမှုတားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းမှ ကာကွယ်ထိန်းသိမ်းမည့် အစီအစဉ်ကို ကမ္ဘာ့သားငှက်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့၊ တောရိုင်းတိရစ္ဆာန် ချစ်သူများအသင်း၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ သစ်တောဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ တောတွင်းစခန်းချ ကင်းလှည့်ခြင်းလုပ်ငန်းများကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း (WCS) ထံမှ ထပ်မံသိရသည်။

သုတေသနပြုလုပ်ချက်များအရ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်း ၆၀၀၀ ခန့်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တောဆင်ရိုင်း ၁၃၀၀ မှ ၂၀၀၀ ကြားသာရှိတော့မည်ဟု ခန့်မှန်းထားကြောင်း၊ သတ်ဖြတ်ခံရမှုမှာ ၂၀၁၇ ခုနှစ်တွင် ပိုမိုဖြစ်ပွားခဲ့ပြီး တစ်နှစ်လုံးတွင် ၅၉ ကောင်သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၂၀၁၈ ဇန်နဝါရီလမှ ဧပြီလထိ တောဆင်ရိုင်း ကိုးကောင်သေဆုံးခဲ့ရာ ပဲခူးတိုင်းတွင်နှစ်ကောင်၊ ဧရာဝတီတိုင်းတွင် သုံးကောင်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တစ်ကောင်စီ သတ်ဖြတ်ခံခဲ့ရပြီး ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် သဘာဝကြောင့်တစ်ကောင်စီ သေဆုံးခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာ၏ စာရင်းများအရ သိရသည်။  

M-05


  • VIA