News

POST TYPE

LOCAL

တောဆင်ရိုင်းများ တစ်ပတ် တစ်ကောင်ခန့် သေဆုံး
18-May-2018


နေပြည်တော်၊ မေ ၁၇

တောဆင်ရိုင်းများသည် ဓမ္မတာအတိုင်း သေဆုံးခြင်းသော်လည်းကောင်း သတ်ဖြတ်ခံရ၍သော်လည်းကောင်း ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် တစ်ကောင်ခန့် သေဆုံးနေရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

“တောဆင်ရိုင်းသတ်ဖြတ်ခံရတာ တစ်ပတ်လျှင် တစ်ကောင်နှုန်းလောက်ဆိုရင် နောင်နှစ် နှစ်ဆယ် သုံးဆယ်လောက်မှာ Population (ဦးရေ) ကျသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များကို ပြောကြားရှင်းလင်းရာတွင် ၎င်းက မီဒီယာများကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

တောဆင်ရိုင်းသေဆုံးမှု စစ်တမ်းအရ ၂၀၁၄ တွင် ဓမ္မတာအတိုင်းသေဆုံးမှုမှာ ၂၅ ကောင်၊ သတ်ဖြတ်ခံရ ၇ ကောင်၊ ၂၀၁၅ တွင် ဓမ္မတာအတိုင်းသေဆုံးမှု ၁၅ ကောင်၊ သတ်ဖြတ်ခံရမှု ၂၀ ကောင်၊ ၂၀၁၆ တွင် သတ်ဖြတ်ခံရမှု ၁၈ ကောင် နှင့် ၂၀၁၇ တွင် ဓမ္မတာအတိုင်းသေဆုံးမှု ၁၃ ကောင်၊ သတ်ဖြတ်ခံရမှု ၄၆ ကောင်နှင့် လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီနှင့် မေနှစ်လ အတွင်း သတ်ဖြတ်ခံရသည့်ဆင်အကောင်ရေ ၁၁ ကောင်အထိ ရှိနေသောကြောင့် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေရပြီး ဖမ်းဆီးမှုအတွက် သစ်တောရဲတပ်ဖွဲ့သည် ၃၀၀ ခန့်သာရှိ၍ မနိုင်နင်းသောကြောင့် ထွေ/အုပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းတိုးမြှင့်ဆောင်ရွက်နေရကြောင်း ဦးကျော်ကျော်လွင်က ဆိုသည်။

ဆင်ရိုင်းသတ်ခံရမှုတိုးလာသည်နှင့်အမျှ ၂၀၁၆ ခုနှစ်တွင် တရားခံ ၃၂ ဦး၊ ၂၀၁၇ တွင် ၅၆ ဦးနှင့် ၂၀၁၈ ဧပြီ၊ မေတွင် တရားခံဆယ်ဦးကို တရားစွဲဆိုထားခဲ့ကြောင်း၊ ယခင်က ဆင်စွယ်ကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်နီးနားချင်းနိုင်ငံတစ်ခု၏ ဈေးကွက်တောင်းဆိုမှုကြောင့် စားသုံးလိုမှု၊ ဆေးဝါးဖော်စပ်လိုမှုတို့ကြောင့် တောဆင်သတ်ဖြတ်ခံရမှု တိုးလာကြောင်း၊ အများဆုံးသတ်ဖြတ်ခံနေရသည့်နေရာများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ဖြစ်ကြောင်း သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ထပ်လောင်းပြောသည်။

ဆင်များ ထိန်းသိမ်းရေးနှင့် အကောင်ရေ တိုးပွားရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သစ်တောဧရိယာချဲ့ခြင်းနှင့် ပဲခူးတိုင်းတွင် ဆင်ဘေးမဲ့တောထူထောင်နေပြီး သစ်တောဦးစီးဌာနလက်အောက်တွင် ဆင်အကောင် ရေ ၃၀၀၀ ခန့် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

S-01