News

POST TYPE

LOCAL

မိတ္ထီလာတွင် သက်တမ်းလွန်ဆေးများ ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး
29-Mar-2018


မိတ္ထီလာ၊ မတ် ၂၈

မိတ္ထီလာမြို့ မြင်တော်ကန်သုသာန်၌ မတ်လ ၂၈ ရက်နေ့က သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုချက်မရှိဘဲ တင်သွင်းရောင်းချသော ဆေးဝါးများကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (မိတ္ထီလာခရိုင်) ဦးစီးအရာရှိ ဒေါက်တာကျော်သန်းရွှေက ပြောကြားသည်။ 

သက်တမ်းလွန်ဆေးဝါး ၄၈၃ မျိုး၊ ခွင့်ပြုချက်မရှိဘဲ တင်သွင်းရောင်းချသော ဆေး ၄၃ မျိုးနှင့် စပ်ဆေးကိုးမျိုး တန်ဖိုး စုစုပေါင်း ကျပ် ၁၈ သိန်းဖိုးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါဆေးဝါးများသည် ၂၀၁၇ ခုနှစ် မေလမှ နိုဝင်ဘာလအတွင်း စစ်ဆေးတွေ့ရှိခဲ့သော ဆေးများပါရှိသကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် လာရောက်အပ်နှံသော ဆေးဝါးများလည်းပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။ 

“အသိပညာပေး ဟောပြောပွဲတွေက မိတ္ထီလာခရိုင်ထဲက မြို့နယ်လေးခုစလုံးမှာ လုပ်ပြီးသွားပြီ။ ထပ်ပြီး ပညာပေးတာတွေကိုတော့ ရုံးမှာပဲလုပ်တော့မယ်။ ကွင်းဆင်းစစ်ဆေးလို့ ထပ်တွေ့ရင် အရေးယူမယ်။ တွေ့တဲ့ဆေးဝါးတွေပေါ် မူတည်ပြီး တစ်လပိတ်၊ သုံးလပိတ်၊ ခြောက်လပိတ်နဲ့ နောက်ဆုံးမှာ ဆိုင်ပါပိတ်ခိုင်းပြီး အမျိုးသားဆေးဝါးဥပဒေနဲ့ တရားစွဲပါမယ်”ဟု ဒေါက်တာ ကျော်သန်းရွှေက သတိပေးပြောဆိုသည်။ 

မြင်တော်ကန်သုသာန်တွင် မီးရှို့ဖျက်ဆီးရာသို့ ဌာနဆိုင်ရာများနှင့် ဆေးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

R-01


  • VIA