News

POST TYPE

LOCAL

မြင်းခြံတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချသူကို ဖမ်းဆီး
01-Mar-2018


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၈

မြင်းခြံမြို့ အမှတ် ၁ ရပ်ကွက်ရှိ ဦးတင်ဝမ်းဆေးဆိုင်တွင် သက်တမ်းလွန်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆေးဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားကြောင်း မြင်းခြံမြို့မရဲစခန်းထံမှ သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်းအဖွဲ့က မြင်းခြံမြို့ပေါ်ရှိ ဆေးဆိုင်များကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ရောင်းချနေသော ဆေးဝါးများကို မှတ်ပုံတင်ထားခြင်း ရှိ မရှိ၊ ဆေးအတု၊ စံမမီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရှိ မရှိ စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ရှောင်တခင်စစ်ဆေးရာ ဦးတင်ဝမ်းဆေးဆိုင်မှ ထုတ်လုပ်ရက်နှင့် ကုန်ဆုံးရက်များကို ပြင်ဆင်ထားသော ဆေး ၁၁ မျိုး၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မရှိသော ဆေး ၁၄ မျိုး၊ သက်တမ်းလွန်ဆေးနှစ်မျိုး စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း မြင်းခြံမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှလည်း သိရသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ အသက် ၅၅ နှစ်အရွယ်ရှိ ဦးတင်ဝမ်းဆေးဆိုင်ပိုင်ရှင် ဒေါ်မူမူစိန်ကို မြင်းခြံမြို့မရဲစခန်းက ပ ၁၅၈/၂၀၁၈ ၊ အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။ (ဓာတ်ပုံ-ရဲတပ်ဖွဲ့)

R-01



  • VIA