News

POST TYPE

LOCAL

ရည်းစားတိုက်ခန်းသို့ ညလာအိပ်သည့် တရုတ်အမျိုးသားကို အိမ်ကျော်နင်းသူက ဓားနှင့်ဆင့်ထိုး
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ လေးလွှာတိုက်ခန်းတစ်ခုတွင် ငှားရမ်းနေထိုင်သော အသက် ၂၇ နှစ်အရွယ် ရည်းစားဖြစ်သူ၏နေအိမ်သို့ လာရောက်ညအိပ်သည့် ထိုင်ဝမ်မှအမျိုးသားကို အိမ်ကျော်နင်းဝင်ရောက်သူ အမျိုးသားတစ်ဦးက ဓားနှင့်ဆင့်ထိုးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းရှိ ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကျန်းရှင်းဟိုသည် ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီခန့်က ရည်းစားဖြစ်သူ၏ တိုက်ခန်းသို့ ရောက်ရှိလာပြီး ညအိပ်နေစဉ် တိုက်ခန်းနောက်ဘက် ပြတင်းပေါက်မှ ကျော်တက်လာသည့် အမျိုးသားတစ်ဦးကို တွေ့ ရှိသဖြင့် သွားရောက်စစ်ဆေးကာ လုံးထွေးသတ်ပုတ်စဉ် ဓားနှင့်ဆင့်ထိုးခံခဲ့ရပြီး ဘယ်လက်မောင်း ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဘယ်တံတောင်ဆစ်ကွေး ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ပေါင်နောက် ထိုးသွင်းတစ်ချက်၊ ဘယ်ပေါင်ရှေ့ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ရင်ဘတ် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် ယင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ညအိပ်နေတုန်း မနက် ၃ နာရီခွဲလောက် ဖြစ်တာလို့သိရတယ်။ သူ့ရည်းစားကလည်း ထိုင်ဝမ်သူပဲ၊ သူတို့အတွဲက ဒီနိုင်ငံကို Business ဗီဇာနဲ့ လာကြတာ။ ကောင်မလေးက မီးစက်အမျိုးမျိုး ပြုပြင်ရောင်းဝယ်ရေး ဆိုင်ဖွင့်ထားတာလို့ သိရတယ်။ ကျော်တက်လာတဲ့သူက ဓားနဲ့ထိုးပြီး တိုက်ရှေ့မှာ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ ထွက်ပြေးသွားတာပါ၊ ဘာအတွက် ကျော်တက်လာသလဲဆိုတာလည်း မသိရသေးဘူး၊ ဖမ်းမမိသေးပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းတိုက်ခန်းပေါ်သို့ နောက်ဖေးပြတင်းပေါက်မှ ကျော်တက်သည့်အမျိုးသားမှာ ဆံပင်အနက်၊ အရှည်ထုံးထားသူ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို မြောက်ဥက္ကလာပရဲစခန်းက ညဉ့်အချိန် အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၆၊ ပြတ်ရှစေသော လက်နက်ဖြင့် အလိုအလျောက် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

J-16



  • VIA