News

POST TYPE

LOCAL

မန္တလေးတွင် သီလရှင်အပါး ၃၅၀၀ ကို ဝတ်စုံများထောက်ပံ့
23-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂၂

အောင်ဇမ္ဗူသာသနာပြုအဖွဲ့က မန္တလေးမြို့တော်ရှိ သီလရှင်အပါး ၃၅၀၀ ကို ဇန်နဝါရီလ ၂၂ ရက်နေ့က သီလရှင်ဝတ်စုံများနှင့် အလှူငွေများ ပထမဦးဆုံးအကြိမ် လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

“သီလရှင်ဆရာလေး၊ ဆရာကြီးတွေဆိုတာ အမြဲတမ်းကျန်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက သံဃာတော်တွေကို ဦးစားပေးပြီး လှူကြတာများတယ်။ ဒါကို ဆရာတော်ကြီးက သတိပြုမိပြီးတော့ ငါတို့ ထောက်ပံ့မှရမယ်။ ငါတို့မထောက်ပံ့ရင် မဖြစ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချီးမြှင့်ထောက်ပံ့တာ”ဟု အောင်ဇမ္ဗူသာသနာ ပြုအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်မိုးက ပြောကြားသည်။

ယင်းလှူဒါန်းပွဲကို မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား မြို့တည်နန်းတည် သတ္တဌာနအဆောင်တော်များအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သီလရှင်ဝတ်စုံများနှင့်အတူ အလှူငွေကျပ် ၅၀၀၀ စီထောက်ပံ့ခဲ့ခြင်းဖြစ်ရာ မန္တလေးခရိုင်အတွင်းရှိ သီလရှင်ကျောင်း တိုက် ၃၀၀ ကျော်မှ သီလရှင်အပါး ၃၅၀၀ တက်ရောက်ခဲ့ကာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်ပဏ္ဍဝံသနှင့် ဆရာတော်၏ဒကာ ဒကာမများနှင့် ဖွဲ့စည်းထားသည့် အောင်ဇမ္ဗူသာသနာပြုအဖွဲ့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“သီလရှင်တွေအများကြီးကို စုရုံးပြီးတော့ ဖူးမြင်ရတဲ့အတွက် ကုသိုလ်တိုးပါတယ်။ ဆရာကြီးဘုရားတွေကို ဒီလိုစုစု ရုံးရုံးနဲ့မြင်ရတာ ဘာသာသာသနာအတွက် အားတက်မိပါတယ်။ သီလရှင်လေးတွေက ကိုယ့်ဘာသာကိုယ် သင်္ကန်းချုပ်ပြီး ဝတ်ရတာများတယ်။ သံဃာတော်တွေလို ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းမရှိပါဘူး”ဟု ဥယျာဉ်ကုန်း သီလရှင်ကျောင်းမှ ဒေါ်နိမလစာရီ (နန္ဒစာရီ) က ပြောကြားသည်။

အောင်ဇမ္ဗူ သာသနာပြုအဖွဲ့အနေနှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက စစ်ကိုင်း၊ မင်းဝံတောင်နှင့်မင်းကွန်းမှ သီလရှင်အပါး ၇၀၀၀၊ အောက်တိုဘာလက မော်လမြိုင်မြို့ရှိ သီလရှင် ၁၂၀၀ ပါး ကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ကျပ်သိန်း ၂၀၊ ကျပ် ၁၅ သိန်း၊ ကျပ် ၁၀ သိန်းတန် ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း အောင်ဇမ္ဗူသာသနာပြုအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့တော်၌ ဇန်နဝါရီလ ၂၁ ရက်နေ့က သံဃာတော်အပါး ၂၀,၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး နောက်ရက်တွင် သီလရှင်အပါး ၃၅၀၀ ကို သီလရှင်ဝတ်စုံနှင့် ဝတ္ထုငွေများထောက် ပံ့ပေးခဲ့ခြင်းဖြစ်သည်။  

M-05


  • VIA