News

POST TYPE

LOCAL

၁၆၇ လမ်းအတွင်း ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များကို ဖယ်ရှားမည်
23-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များကို အများပိုင်နေရာတွင် ဈေးရောင်းချခြင်းမပြုလုပ်နိုင်ရန် ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ ၁၆၇ လမ်းတွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို ဇန်နဝါရီလ ၂၁ ရက်၊ ညနေ ၆ နာရီနောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် သတိပေးအကြောင်းစာကို ယခုလတတိယအပတ်က ပေးခဲ့သော်လည်း ဇန်နဝါရီ ၂၂ ရက်အထိ ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်ရောင်းချမှုများ ရှိနေသည့်အတွက် သတိပေးစာထပ်မံထုတ်ကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“လောလောဆယ်တော့ ၁၆၇ လမ်းက ဈေးသည်တွေကို ရှင်းလင်းဖို့ စီစဉ်နေပါတယ်။ မနက်ဖြန်မှာ ဈေးများဌာနအနေနဲ့ ဈေးသည်တွေဖယ်ရှားဖို့ သတိပေးစာ၊ အကြောင်းကြားစာကိုပို့မယ်။ အကြောင်းကြားစာပို့ထားတာ မနေ့ကရှိနေတဲ့အတွက် ဈေးများဌာနက ဆက်လက်ဆောင်ရွက်မယ်”ဟု ၎င်းက ဆိုသည်။

တာမွေမြို့နယ် ၁၆၇ လမ်းတွင် ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှ လမ်းဘေးဈေးသည် ၃၀၀ ကျော်ခန့် လာရောက်ရောင်းချလျက်ရှိပြီး ယင်းဈေးသည်များကို ပြောင်းရွှေ့ခိုင်းသောကြောင့် ဈေးသည်များ စားဝတ်နေရေးအတွက် အခက်အခဲများစွာကြုံတွေ့နိုင်ကြောင်း လမ်းဘေးဈေးသည်များထံမှ သိရသည်။

“၁၆၇ လမ်းမှာ လမ်းဘေးဈေးသည်တွေ ရောင်းချနေတာ နှစ်ပေါင်း ကြာနေပါပြီ။ မနေ့ကသူတို့ပြောလို့ လမ်းဘေးချရောင်းပေးလည်း လက်မခံဘူး။ တစ်လမ်းလုံးက ဈေးသည်တွေ ပြောင်းရွှေ့ပေးရမယ်ပြောတယ်။ အခြားပြောင်းရွှေ့ဖို့လည်း နေရာမပေးဘူး။ အခု မနက်ဖြန်ကျရင် ဒီလ ၂၇ ရက် အပြီးပြောင်းဖို့ သတိပေးစာပေးမယ်ကြားတယ်။ မပြောင်းတဲ့သူတွေကို စည်ပင်တည်ဆဲဥပဒေအရ အရေးယူမယ်ပြောတယ်။ ဈေးသည်တွေအတွက် ရောင်းချခွင့်မရရင်တော့ စားဝတ်နေရေးအတွက် အဆင်မပြေပါဘူး”ဟု ၁၆၇ လမ်းတွင် ဟင်းသီးဟင်းရွက် ရောင်းချနေသူ လမ်းဘေးဈေးသည်တစ်ဦးက ဆိုသည်။

တာမွေရာပြည့်ဈေးရှိ ၄ ပေ၊ ၅ ပေ ဆိုင်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၄၀ မှ ကျပ် ၈၀ ဖြင့်လည်းကောင်း၊ ဆိုင်ခန်းငှားခများမှာလည်း တစ်လလျှင် ကျပ်သုံးသောင်းခွဲမှ ကျပ်ငါးသောင်းဖြင့်လည်းကောင်း ငှားရမ်းလျက်ရှိပြီး ယင်းဈေးနှုန်းများမှာ လမ်းဘေးပျံကျဈေးသည်များအတွက် မြင့်မားသောကြောင့် ယင်းဈေးအတွင်း ပြောင်းရွှေ့ရောင်းချရန် မဖြစ်နိုင်ကြောင်း လမ်းဘေးဈေးသည်ထံမှ သိရသည်။

၁၆၇ လမ်းအတွင်းရှိ လမ်းဘေးဈေးသည်များ ဈေးရောင်းချမှုကြောင့် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များသွားလာရန် အဆင်မပြေမှုများ ရှိနေပြီး အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုများကြောင့် အနံ့အသက်ဆိုးထွက်ရှိနေကာ ပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

J-10