News

POST TYPE

LOCAL

မြန်မာ့ ကျွဲ၊ နွား မွေးမြူရေးကို အမေရိကန်နည်းပညာ ကူညီ
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပြည်တွင်း၌ အသားစား ကျွဲ၊ နွားများ မွေးမြူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ကျွဲ၊ နွား တိရစ္ဆာန် မွေးမြူရေးပညာရှင်များ၏ အကူအညီဖြင့် လိုအပ်သည့်နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Farmer to Farmer Program  ထံမှ သိရသည်။ 

တက္ကဆက်ပြည်နယ်မှ ကျွဲ၊ နွား တိရစ္ဆာန် မွေးမြူရေးပညာရှင်များ အကူအညီဖြင့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၊ မတ္တရာမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်ချက်များကို ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ယင်းလေ့လာတွေ့ရှိချက်များကို တောင်သူများကို ဖြန့်ဝေပေး ခြင်းဖြစ်ကြောင်း Farmer to Farmer Program မှ စီမံကိန်းမန်နေဂျာ ဒေါက်တာသက်ခိုင်က ပြောကြားသည်။ 

“ဒီမှာ မြန်မာနွားမွေးကြတဲ့အခါ လေးနှစ်လောက်နေမှ နွားလေးမွေးနိုင်တယ်။ တကယ်ဆို နွားမတစ်ကောင်က တစ်နှစ်ကို တစ်သားကျနိုင်တယ်။ မွေးမြူရေးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး အာဟာရနဲ့ မျိုးကို ဘယ်လိုမြှင့်တင်မလဲဆိုတာတွေကို အသေးစိတ်သင်တန်းတွေ ပို့ချဖို့ရှိတယ်။ တစ်နှစ်တစ်ကောင် ပုံမှန်သားကျရင် အိတ်စ်ပို့ပဲလုပ်လုပ် အကောင်ရေ အရမ်းလျော့မသွားဘူး”ဟု ၎င်းက ပြောဆိုသည်။ 

လက်ရှိပြည်တွင်းတွင် လေးနှစ်လျှင်တစ်ကြိမ် တစ်သားမွေးမြူသည့် မြန်မာနွားမျိုးများကိုသာ မွေးမြူနေခြင်းဖြစ်ပြီး မျိုးမြှင့်တင်နိုင်ရန်နှင့် တစ်နှစ်လျှင် တစ်သားမွေးဖွားနိုင်ရန်အတွက် အာဟာရ ပြည့်ဝစွာကျွေးပြီး မေထုန်မဲ့သားစပ်နည်းဖြင့် အသားစားနွားများနှင့် သားစပ်ယူကာ မျိုးများမြှင့်တင်ရန်လိုအပ်ကြောင်း၊ တောင်သူများကို ကူညီပေးနိုင်ရန်အတွက် အဆိုပါ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများထံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းထံမှ သိရသည်။ 

“ကျွဲ၊ နွား ပြည်ပတင်ပို့တဲ့အခါမှာလည်း အဆင်ပြေစေဖို့ တောင်သူတွေအနေနဲ့ စုဖွဲ့ဖို့လိုတယ်။ ကျွဲ၊ နွားအကောင်ရေ တစ်ရာပြည့်မှ တင်ပို့ခွင့်ပြုတယ်ဆိုတာ ရှိနေတော့ မူဝါဒကိုပြင်ရင်ပြင်၊ မပြင်ရင် တောင်သူတွေက ပြင်ရမှာ။ တောင်သူတွေအနေနဲ့ ဒီမူဝါဒကြောင့် မလုပ်နိုင်ဘူးဆိုပြီး ရပ်နေမှာထက် တောင်သူတွေစုပြီး တင်ပို့ကြရင် အဆင်ပြေတယ်”ဟု စီမံကိန်းမန်နေဂျာ ဒေါက်တာသက်ခိုင်က ဆက်လက်ပြောဆိုသည်။ 

လက်ရှိတွင်လည်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် Farmer to Farmer Program တို့ ပူးပေါင်းကာ ကျွဲ၊ နွား မွေးမြူရာတွင် လိုအပ်သည့်အချက်များကို ကျွဲ၊ နွားမွေးမြူသည့် တောင်သူများထံ သင်တန်းများပို့ချပေးလျက်ရှိပြီး နောက်ပိုင်းတွင်လည်း အာဟာရပြည့်ဝစွာကျွေးရန်နှင့် မျိုးမြှင့်တင်ရန်လိုအပ်သည့် ကွင်းဆင်းလေ့လာချက်များကို အသေးစိတ်သင်တန်းများ ထပ်မံပို့ချမည်ဖြစ်ကြောင်း Farmer to Farmer Program ထံမှ သိရသည်။ 

J-11


  • VIA