News

POST TYPE

LOCAL

သိန်း ၁၈၀ ကျော်ဖိုး ရတနာအိတ်ကို ယူပြေးသော အငှားယာဉ်မောင်းကို ဖမ်းမိ
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂ 

သာကေတမြို့နယ်၊ ကန်သာယာလမ်းတွင် ခရီးသည်၏ လက်ဝတ်ရတနာများ ပါသည့်အိတ်ကို ယူဆောင်မောင်းပြေးသည့် အငှားယာဉ်မောင်းအမျိုးသားကို ဖမ်းမိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ ရတနာများ လုယက်ခံရသည့် ခရီးသည်အမျိုးသမီးမှာ ဇန်နဝါရီလ ၁၉ ရက် နံနက် ၅ နာရီဝန်းကျင်က ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှ အငှားယာဉ်တစ်စီးကို ကျပ် ၄၅၀၀ ဖြင့် ငှား၍ သာကေတမြို့နယ်သို့ မောင်နှမသုံးဦး လိုက်ပါစီးနင်းခဲ့သည်။ 

“ရတနာတွေ လုယက်ခံရတဲ့ မောင်နှမသုံးယောက်က ပခုက္ကူကနေ သာကေတမှာရှိတဲ့ သူတို့အဒေါ်အိမ်ကို အလည်လာကြတာ။ အဒေါ်အိမ်ရောက်တော့ ငှားလာတဲ့ကားပေါ်က သူတို့ပစ္စည်းတွေချနေချိန် ကားသမားက မောင်းပြေးတာ။ ကားပေါ်မှာ ရတနာတွေထည့်ထားတဲ့အိတ်ပါသွားလို့ မောင်းပြေးတဲ့ အငှားကားနံပါတ်ကို စုံစမ်းပြီး ယာဉ်မောင်းကို ဖမ်းဆီးခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။ 

ရတနာများပါသည့် အိတ်ကို ယူဆောင်မောင်းပြေးသည့် အငှားယာဉ်မောင်းမှာ အသက် ၄၈ နှစ် သန်းထွဋ် ဖြစ်ပြီး ၎င်းက ကမာကြည်တံတားအရောက် အိတ်အတွင်းမှ လက်ဝတ်ရွှေထည်ရတနာ ပစ္စည်းများကိုယူပြီး အိတ်ခွံကို ငမိုးရိပ်ချောင်းထဲ စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စိန်ရတနာ ၃ လမ်းရှိ ၎င်း၏နေအိမ်တွင် ဧည့်ခန်းအတွင်းထားရှိသော Water Cooler ရေထည့်သည့် အံဖုံးအတွင်း ဝှက်သိမ်းထားကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၎င်းကို ခိုးမှုပုဒ်မ ၃၇၉ ဖြင့် ကျောက်တံတားမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03