News

POST TYPE

LOCAL

ဒေါ်လာ ၁၃ သန်းသုံး၍ ရန်ကုန်မြို့တွင်း ကားမှတ်တိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဇွန်လတွင် စတင်မည်
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဒေါ်လာ ၁၃ သန်း သုံး၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို အဆင့်မြှင့်တင်ကာ အသစ်လဲလှယ်မည့် လုပ်ငန်းစီမံချက်ကို ယခုနှစ်ဇွန်လ၌ စတင်ရန် စီစဉ်ထားကြောင်း တင်ဒါအောင်မြင်ထားသည့် FMIDecaux ကုမ္ပဏီထံမှ သိရသည်။

“ဒီနှစ်လယ် လုပ်ငန်းစမယ်ပေါ့။ ၂၀၁၉ နိုဝင်ဘာမှာ မှတ်တိုင်တွေအကုန်လုံး အသစ်လဲလှယ်သွားနိုင်အောင် လုပ်မယ်လို့ပြောတာပါ။ အဆင့်မြှင့်တင်မှုက နိုင်ငံခြားဘတ်စ်ကား မှတ်တိုင်တွေလိုပဲ ဆောင်ရွက်မှာပါ။ ကုန်ကျစရိတ်က ခုပြောလို့မရသေးဘူး”ဟု FMIDecaux ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၃ သန်း ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းသာဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင် ၅၀၀ အတွက် အသုံးပြုမည်ကို ပြောဆိုထားခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ အဆင့်မြှင့်တင်မည့် ဘတ်စ်ကားမှတ်တိုင်တစ်ခုစီတွင် ခရီးသည်များ ဘတ်စ်ကားစောင့်ဆိုင်းပါက မှတ်တိုင်သို့ ဆိုက်ရောက်လာမည့် ဘတ်စ်ကားနံပါတ်နှင့် အချိန်ခန့်မှန်းချက်တို့ကို ဖော်ပြသော LED ဘုတ်တပ်ဆင်ထားမည်ဖြစ်ပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း ယူအက်ဘီအသီးသီးအား ဖြည့်သွင်းနိုင်သည့် ပလပ်ပေါက်များ ထားရှိပေးမည်အပြင် ရန်ကုန်မြို့တော်နှင့် ပတ်သက်သော သတင်းအချက်များကို ဖော်ပြသည့်ဆိုင်းဘုတ်နှင့် ကြော်ငြာဆိုင်းဘုတ်များ ပါရှိမည်ဖြစ်ကြောင်း FMIDecaux ကုမ္ပဏီထံမှ သိရသည်။

“မှတ်တိုင်တစ်ခုချင်းစီကို ဘယ်လောက်အကုန်အကျခံ ဆောက်မယ်ဆိုတာတော့ ပြောကြားဖို့ မလွယ်သေးဘူး။ ဒါက အသေးစိတ် ညှိနှိုင်းတွက်ချက်ပြီးမှ ပြောလို့ရမယ်။ ဥရောပအဆင့်မီ နည်းပညာနဲ့ ခေတ်မီဘတ်စ်ကား မှတ်တိုင်တွေ ဖော်ဆောင်မှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

ဘတ်စ်ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တင်ဒါခေါ်ယူသည့်အနက်မှ ပြင်သစ်နည်းပညာ JCDecaux ကုမ္ပဏီနှင့် ပြည်တွင်း FMI ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် FMID ecaux ကုမ္ပဏီ အမည်ပေးထားသော ဖက်စပ်ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်သည်။ 
 
J-17


  • VIA