News

POST TYPE

LOCAL

ကျိုင်းတုံတိုင်းရင်းဆေးရုံ ဝန်ထမ်းမခန့်နိုင်၍ သုံးနှစ်ကြာသည်အထိ မဖွင့်နိုင်
23-Jan-2018


ကျိုင်းတုံ၊ ဇန်နဝါရီ ၂၂ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်တွင် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တည်ဆောက်ပြီးသော်လည်း ဝန်ထမ်းများ မခန့်နိုင်၍ သုံးနှစ်ကြာသည်အထိ မဖွင့်နိုင်သေးကြောင်း ယင်းဆေးရုံအုပ် ဦးမြင့်ခိုင်က ပြောကြားသည်။

“ဝန်ထမ်းအင်အားက ၄၈ ဦး သတ်မှတ်ထားတာမှာ လောလောဆယ် သုံးပုံတစ်ပုံ တင်ပြတောင်းခံထားပေမယ့် မခန့်အပ်ပေးနိုင်သေးလို့ မဖွင့်နိုင်သေးတာပါ။ မနေ့ကတော့ တစ်နိုင်ငံလုံးအတွက် ရာထူးတိုးနဲ့ဝန်ထမ်းသစ် ၁၀၀ ကျော် ခန့်အပ်မိန့်ထွက်ပေမယ့် ဒီဆေးရုံအတွက် တစ်ယောက်မှမပါဘူး”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါ တိုင်းရင်းဆေးရုံကို တရားဝင်ဖွင့်လှစ်၍ အတွင်းလူနာများကို လက်ခံကုသပေးနိုင်ခြင်း မရှိသေးသော်လည်း ယင်းဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ၌ မူးယစ်ဆေးသုံးစွဲသူများ လာရောက်မခိုအောင်းနိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ပြင်ပလူနာများကို လက်ခံကုသပေးနေပြီး မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျိုင်းတုံမြို့ ၂၅ ခုတင်ဆံ့ တစ်ထပ်တိုင်းရင်းဆေးရုံကို ကျပ် ၂၁၄ သန်းနှင့် လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာကို ကျပ် ၃၀၇ သန်း စုစုပေါင်း ၅၁၂ သန်းဖြင့် တည်ဆောက်ခဲ့သည်။

R-16