News

POST TYPE

LOCAL

ကယားကမ္ဘာလှည့် ခရီးစဉ်အချို့ ကန့်သတ်ဧရိယာအဖြစ်မှ ပယ်ဖျက်
23-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကယားပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာတွင် ကန့်သတ်ထားသော ရပ်ရွာအခြေပြု ခရီးစဉ်ဒေသနှစ်ခုကို ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ကယားပြည်နယ်) တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောကြားသည်။ 

“ကယားမှာ CBT ကျေးရွာလေးခု ရှိတယ်။ အရင်ကလည်ပတ်ဖို့ ပါမစ်တွေ တောင်းရတယ်။ အခုက နှစ်ရွာကို ခွင့်ပြုပြီ။ အဲဒီတော့ သွားရတာ ပိုလွယ်ကူမယ်။ ကယားမှာ ခရီးသည်တိုးဖို့ အစီအစဉ်တစ်ခုပေါ့”ဟု ၎င်းက ဆိုသည်။

ကန့်သတ်ဧရိယာအဖြစ် ပယ်ဖျက်ခွင့်ပြုသော ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာများတွင် ပန်ပက်၊ တနီးလာလဲ ရွာများပါဝင်သည့်အပြင် ယခင်ကသွားလာခွင့် ကန့်သတ်ထားသော ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့တို့ကိုလည်း ကန့်သတ်ဧရိယာအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

လက်ရှိတွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာတွင် ကယားပြည်နယ်အတွင်း ဖော်ဆောင်ထားသော CBT ကျေးရွာများဖြစ်သည့် ဒီမောဆိုမြို့နှင့် အနီးဝန်းကျင်မှ ဒေါသမကြီးကျေးရွာနှင့် ဖရူဆိုမြို့မှ ထိန်းခိုကျေးရွာတို့ကို ကန့်သတ်ထားသေးကြောင်း ဦးလင်းဇော်ထွဋ်က ရှင်းပြသည်။

“အခုလိုဖွင့်ပေးလိုက်တာ ကောင်းပါတယ်။ ကယားပြည်နယ်ဟာ ခရီးသွားလုပ်ငန်းအတွက် အလားအလာရှိတဲ့ ဒေသတစ်ခုပါ။ အရင်ကဆို CBT ကျေးရွာတွေလည်ရင် ပါမစ်တွေ တောင်းရတယ်။အခုလိုခွင့်ပြုလိုက်တော့ လည်စရာပိုများသွားတယ်”ဟု Wazo ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၆ခုနှစ်က ဂျာမနီနိုင်ငံတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲ (ITB) တွင် ကယားပြည်နယ်ခရီးစဉ်သည် Diamond Award ဆုရရှိထားပြီး CBT ကျေးရွာများအပြင် ကယားလူမျိုးများနှင့် ကယန်းလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာအစားအစာနှင့် လက်မှုလုပ်ငန်းများဖြင့် အဓိက ဧည့်သည်ဆွဲဆောင်ရာ နေရာများဖြစ်ကြောင်း ပြည်နယ်အခြေစိုက် ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“လက်ရှိမှာ ကယားပြည်နယ်က ပြည်တွင်းခရီးသွားတွေအတွက် သွားရလာရလွယ်ကူပေမယ့် တချို့ခရီးစဉ်တွေမှာ ပြည်ပဧည့်သည်တွေအတွက် ခက်ခဲတာတွေ ရှိနေတယ်။ ဒါပေမဲ့ အခုလိုမျိုး အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကောင်းပါတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

၂၀၁၆ ခုနှစ်အတွင်း ကယားပြည်နယ်သို့ ပြည်တွင်းခရီးသည် တစ်သောင်းခုနစ်ထောင်ခန့်နှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခြောက်ထောင့်သုံးရာကျော် ဝင်ရောက်ထားပြီး ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းခရီးသည် သုံးသောင်းကျော်နှင့် ကမ္ဘာလှည့်ခရီးသည် ကိုးထောင်ခန့်အထိ တိုးလာကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။  

J-14


  • VIA