News

POST TYPE

LOCAL

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး ဖေဖော်ဝါရီလသို့ ရွှေ့
23-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို ယခုလကုန် (ဇန်နဝါရီလ) ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်ထိ အဆိုပါညီလာခံ ကျင်းပရေး လုပ်ငန်းကော်မတီ အစည်းအဝေးများ ပြုလုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ညီလာခံကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက အတည်ပြုပြောကြားသည်။

ညှိနှိုင်းဆွေးနွေးမှုများ မပြီးပြတ်သေးသည့်အတွက်ကြောင့် ယင်းသို့ ရက်ရွှေ့လိုက်ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ရန် အကြမ်းဖျင်းလျာထားကြောင်း ဦးအောင်စိုးက ပြောဆိုသည်။

“ကျွန်တော်တို့ ဇန်နဝါရီနောက်ဆုံးပတ်လောက်မှာ လုပ်မယ်လို့ အရင်တုန်းက ရည်ရွယ်ထားတယ်။ လက်ရှိ အခြေအနေနဲ့ဆို ဇန်နဝါရီထဲ မလုပ်နိုင်ဘူး။ ဖေဖော်ဝါရီထဲ ရောက်သွားလိမ့်မယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

သို့သော် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဟု ဆိုသော်လည်း ကျင်းပမည့်ရက်နှင့်ပတ်သက်၍ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ သဘောထားကွဲလွဲခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ကလည်း အဆိုပါဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်။

ယင်းနောက်တွင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို ရက်ရွှေ့ပေးရန် တောင်းဆိုခဲ့သည်။

ညီလာခံကျင်းပရန် ရက်ကပ်နေပြီဖြစ်သော်လည်း ညီလာခံ ကြိုတင်ပြင်ဆင်မှုများ မလုပ်သည့်အတွက် ရက်ရွှေ့ခြင်းဖြစ်ပြီး မူလရက်အတွင်း ကျင်းပပါက ညီလာခံ မပြည့်စုံဖြစ်နေကြောင်း NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ရက်ကကပ်နေပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုဖြစ်တဲ့ UPDJC အစည်းအဝေးတို့ဘာတို့လည်း မခေါ်နိုင်သေးတော့ ရွှေ့တော့ရွှေ့ရမယ်။ ဘယ်အထိရွှေ့မလဲတော့ ကျွန်တော်တို့တော့ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်နှစ်ခုတွင်သာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။

NCA လမ်းကြောင်းအရ ဒေသအသီးသီး၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲများမှ တက်လာသည့် သဘောထားများကို ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းရခြင်းဖြစ်သောကြောင့် အဆိုပါညီလာခံမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်နေသည်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၇ မေလ ၂၄ ရက်နေ့က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံတွင် NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို အထူးဖိတ်ကြားသူများအနေနှင့် အစိုးရက ဖိတ်ကြားခဲ့သည်။

အဆိုပါညီလာခံကို ခြောက်ရက်ကြာ ကျင်းပခဲ့ပြီး ညီလာခံနောက်ဆုံးနေ့ မေလ ၂၉ ရက်နေ့တွင် နိုင်ငံရေးဆိုင်ရာ မူဝါဒ ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒ ၄ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း မူဝါဒ သဘောတူချက်ပေါင်း ၃၇ ချက် ရရှိခဲ့ပြီး အဆိုပါ မူဝါဒ သဘောတူချက်များကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းများအဖြစ် ချုပ်ဆိုခဲ့သည်။

J-08