News

POST TYPE

LOCAL

အဋ္ဌမတန်း (၈တန်း) မှစ၍ အင်္ဂလိပ်စာ 4 Skills ကို ထည့်သွင်းသင်ကြားရန်အဆို ၆ မဲအကွာဖြင့် ရှုံးနိမ့်
23-Jan-2018
နေပြည်တော်၊ ဇန်နဝါရီ ၂၂

အဋ္ဌမတန်း (၈တန်း) မှစ၍ အင်္ဂလိပ်စာ 4 Skills ကို ထည့်သွင်းသင်ကြားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲဖြစ်သောကြောင့် ၆ မဲ အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ်မှ ဒေါ်ထုမေက အထက်တန်းပညာရေး ပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာသာနှင့် အတိုင်းအတာတစ်ခုထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန် (Grade 9) အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နဲ့လျော်ညီအောင် စွမ်းရည် ၄ မျိုး (အဖတ်၊ အရေး၊ အပြော၊ အကြား) ပါဝင်သောစနစ်ကို ပြောင်းလဲသင်ကြားပေးရန်အဆိုကို ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ပြီး အထက်ပါအတိုင်း မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အင်္ဂလိပ်စာစွမ်းရည် ၄ မျိုးအခြေခံသော သင်ရိုးညွှန်းတမ်းအသစ်များကို ၂၀၂၂-၂၃ ပညာသင်နှစ်မှစ၍ သင်ကြားပေးသွား မည်ဖြစ်သောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း အဆိုရှင်က မဲခွဲဆုံးဖြတ်ရန် လွှတ်တော်၏သဘောထား ရယူခဲ့ခြင်းဖြစ်သည်။

ယခု ပညာသင်နှစ်အတွက် ပထမတန်း အင်္ဂလိပ်စာဘာသာရပ် ကျောင်းသုံးစာအုပ်ကို အင်္ဂလိပ်စာစွမ်းရည် ၄ မျိုး သင်ရိုးညွှန်းတမ်းအသစ်ကို ရေးဆွဲထားပြီး ဆရာ၊ ဆရာမများကို ၂၀၁၇ ခုနှစ် မတ်လနှင့်ဧပြီလတို့တွင် သင်တန်းများ ပို့ချထားပြီဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“၂၀၁၈-၁၉ နှစ်မှာ ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ မှာ တတိယန်းနဲ့ ဆဋ္ဌမ တန်း၊ ၂၀၂၀-၂၀၂၁ မှာ စတုတ္ထတန်း၊ သတ္တမတန်းနဲ့ ဒသမတန်း၊ ၂၀၂၁-၂၀၂၂ မှာ ပဉ္စမတန်း၊ အဋ္ဌမတန်းနဲ့ ဒွါဒသမတန်း နဲ့ ၂၀၂၂-၂၀၂၃ မှာ နဝမတန်းနဲ့ ဧကာဒသမတန်းတို့အတွက် သင်ရိုးညွှန်းတမ်းအသစ်တွေကို ဆက်လက်ရေးဆွဲသွားပြီး သင်တန်းတွေ ပို့ချပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

ဒေါ်ထုမေ တင်သွင်းသည့် အင်္ဂလိပ်စာ 4 Skills သင်ကြားရေးအဆိုကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

S-01


  • VIA