News

POST TYPE

LOCAL

သရုပ်ဆောင်ရဲတိုက် ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ကုသ
22-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်သည် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်က ဒိုင်ယာဆီဗင် သောက်ဆေးအပြား ၄၀ သောက်သုံးမှုကြောင့် သတိမေ့လျက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ရောက်ရှိကုသမှု ခံယူခဲ့ရပြီး ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

"ကျွန်မတို့ပြောခွင့်မရှိပါဘူး။ ဘာမှလည်း မသိပါဘူး။ သူက အထူးကြပ်မတ်ခန်းထဲမှာဆိုတော့လေ။"ဟု အထွေထွေရောဂါဆေးရုံသစ်ကြီးမှ ညပိုင်းတာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းသတင်းနဲ့ ပတ်သက်၍ သရုပ်ဆောင်ရဲတိုက်၏ မန်နေဂျာပုလဲစီကို The Voice Daily က ည ၁၀ နာရီခန့်တွင် ဆက်သွယ်မေးမြန်းရာ "သူက အစာအိမ် ရောင်နေတော့ ဗိုက်က အောင့်နေတယ်။ အဲဒါကြောင့် အိပ်ပျော်အောင်ဆိုပြီး အရက်တွေသောက်တယ်။ ဒါပေမဲ့ အရက်သောက်တော့လည်း အိပ်မပျော်ဘူးဆိုတာနဲ့ အိပ်ဆေးသောက်လိုက်တဲ့ အချိန်မှာ လျှော့ဖြစ်သွားတာပါ။ အိပ်ဆေးကတော့ သူက ပုံမှန်သောက်နေကြပါပဲ။ လက်ရှိမှာ သူရဲ့အခြေအနေက အသက်အန္တရယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ အေးအေးဆေးဖြစ်သွားပါပြီ။ ဒါပေမဲ့ အစ်မတို့က သေချာအောင် သွေး ထပ်စစ်ထားတယ်။ လောလောဆယ်မှာ မဖြေက မရသေးဘူး။ သူကတော့ အိပ်ပျော်နေတယ်"ဟုသာ ပြန်လည်ဖြေကြားသည်။

သို့သော် ရန်ကုန်ဆေးရုံသစ်ကြီးသို့ ဆက်သွယ်မေးမြန်းရာတွင်မူ သီးခြားအတည်ပြုချက် ရယူနိုင်ခဲ့ခြင်း မရှိပေ။

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက် ည ၁၁ နာရီခန့်က ကျောက်တံတားမြို့ ရန်ကုန်-မန်း လမ်းဟောင်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အရွက်ခြောက် တစ်ကျပ်သား (ဆေးခြောက်ဟု ယူဆ)နှင့် ဖမ်းဆီးခံခဲ့ရပြီး ကိုးလခန့်အကြာတွင် ကျောက်တံတားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၅ နှစ်၊ ရန်ကုန်မြို့ ဗိုလ်တစ်ထောင်တရားရုံးက သာသနာ ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၁ နှစ်၊ စုစုပေါင်း ၆ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

တောင်ကြီးသားတစ်ဦးဖြစ်သည့် ရဲတိုက်သည် ၂၀၀၅ ခုနှစ်ခန့်မှစပြီး ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနှင့်လက်တွဲကာ ဗွီဒီယိုနှင့်ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်ကောင်းသည့်အတွက် ပရိသတ်အားပေးမှု များစွာရရှိထားသူလည်း ဖြစ်သည်။

‌အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး ရက်ပိုင်းအကြာတွင် The Voice က ပရိသတ်များ နောက်တစ်ကြိမ် စိုးရိမ်မှု ထပ်မဖြစ်စေရန် ကတိပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းရာ "ကျွန်တော်က ကတိမပေးတတ်ဘူး။ ကျွန်တော့် အဖေကိုတောင် ကတိမပေးထားပါဘူး။ ကျွန်တော့်အတွက် ပရိသတ်တွေ မစိုးရိမ်ရတော့ဘူးလို့ ပြောနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မသနားဘူး။ ကျွန်တော့လို အဖြစ်ခံနိုင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် တစ်ခုခု ခြေခြေမြစ်မြစ် မသိရမချင်း သူများပြောတာ မယုံတတ်ဘူးဆိုတဲ့ သူမျိုးတွေအတွက်တော့ နည်းနည်းခါးသီးတဲ့ အနာဂတ်ကို ကြိုပြီးတော့ တွေးထားပါလို့ ပြောချင်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ဝေဖန်တိုက်ခိုက်တာ မဟုတ်ပါဘူး။  သဘောရိုးနဲ့ပဲ ပြောတာပါ။"ဟု ဖြေကြားခဲ့သည်။ 


  • VIA