News

POST TYPE

LOCAL

ဖားကန့် မြေစာပုံပြိုမှုတွင် နောက်ထပ်အလောင်း ၂ လောင်း တွေ့ရှိ
22-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်း အုပ်စုတွင် ဇန်နဝါရီလ ၂၀ရက်ညက နဠနျွ ကျောက်လုပ်ကွက်မှ မြေစာ ပုံများ အခြားလုပ်ကွက်အတွင်းသို့ ပြိုဆင်းရာမှ လူသေဆုံးမှုများရှိပြီး ယနေ့ (ဇန်နဝါရီလ ၂၂ ရက်)တွင် နောက်ထပ် အလောင်း ၂ လောင်း ဖော်ယူနိုင်ပြီဖြစ် ကြောင်း ကုဋေကျေးရွာမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီနေ့ ၂ လောင်းတွေ့တယ်။အားလုံး မနေ့ကနဲ့ဆို ၇ ဦးရှိပြီ။ ကုမ္ပဏီ ဘက်က ၂ ယောက်ပျောက်နေတယ်လို့ ပြောတယ်။ သူတို့ ဒီအောက်ထဲမှာ ရှိမယ်နဲ့တူတယ်”ဟု အလောင်းများရှာဖွေရာတွင်ပါဝင်သူ ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၂၁ ရက်က ရုပ်အလောင်း ၅ လောင်း ဖော်ယူနိုင်ခဲ့ပြီး ယနေ့တွင် နောက်ထပ် ၂ လောင်း ဖော်ယူနိုင်ခဲ့သဖြင့် အလောင်း ၇ လောင်း ရရှိပြီဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ကုဋေကျေးရွာရှိ အဆိုပါလုပ်ကွက်ရှိ စွန့်ပစ်မြေစာများသည် လုပ်ကွက် တစ်ခုနှင့်တစ်ခု ခြားထားသော ကျောက်သား အတားအဆီး ပွင့်ထွက်ကာ အခြားလုပ်ကွက်ကျင်းအတွင်း ဝင်ရောက် ခဲ့ရာမှ ယခုကဲ့သို့ လူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း မော်စီဇာရွာမှ လာရောက်ကူညီ သူ ၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့အစည်းဝင်း က ပြောကြားသည်။

လက်ရှိ အချိန်ထိ သေဆုံးသူများ၏နာရေးနှင့်ပတ်သက်၍ ကုမ္ပဏီများက အကူအညီ ပေးနေကြောင်း၊ သေဆုံးသူ ၉ ဦးခန့် ရှိနိုင်ကြောင်း၊ နွံများဖြင့် ပိတ်နေသဖြင့် အလောင်းရှာရသည်မှာ မလွယ်ကူကြောင်း ကုဋေကျေးရွာရှိ NLD လူငယ် တာဝန်ခံက ပြောကြားသည်။

“ ဒီမှာက အမှုဖွင့်တာတို့ ဘာတို့တော့ မရှိဘူး။ အများစုက နှစ်ဖက် ပြေလည်အောင် လုပ်ကြတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရရုံး ဖုန်း ဝ၇၄-၂၂၃၈၆ ထံ ဆက်သွယ်မေးမြန်းရာ ဖြေကြား၍မရကြောင်းနှင့် လူကြီး အစည်းအဝေး လုပ်နေကြောင်း ဖုန်းလက်ခံသူက ဖြေကြားသကဲ့သို့ ဖားကန့် ရဲတပ်ဖွဲ့စခန်းသို့ မေးမြန်းရာတွင်လည်း တာဝန်ကျအရာရှိ တရားရုံး သွားနေသည့်အတွက် သတင်းပို့ပေးမည်ဟု ပြောကြားသည်။

ယင်းအပြင် လုံးခင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးထံ ဖုန်းဖြင့် ဆက်သွယ်ပါသော်လည်း ဖုန်း လက်ခံဖြေကြားခြင်း မရှိပေ။