News

POST TYPE

LOCAL

ဆင်များ မှတ်ပုံတင်သက်တမ်းတိုးရန် သတိပေး
22-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပုဂ္ဂလိကပိုင် ဆင်များသည် မှတ်ပုံတင်ရန် သက်တမ်းလွန်နေသည့်အတွက် ဆင်ပိုင်ရှင်များအနေနှင့် လာမည့်မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုးမြှင့်ရန် ကရင်ပြည်နယ် သစ်တောဦးစီးဌာနက သတိပေးထားသည်။

ကရင်ပြည်နယ်အတွင်းရှိ ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်နှင့် မြဝတီခရိုင်အတွင်းရှိ ပုဂ္ဂလိကဆင်များအတွက် ပုံမှန် မှတ်ပုံတင်သက်တမ်း တိုးခြင်းမရှိသည့်အတွက် ဆင်ပိုင်ရှင်များအနေနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်သစ်တောရုံးများ၌ သတ်မှတ်ထားသည့်နေ့ရက်ကို နောက်ဆုံးထား၍ ဆင်သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်အထိ ၂၆၆ ကောင် ရှိတယ်။ သက်တမ်းလွန်နေတာပေါ့”ဟု ၎င်းကဆိုသည်။

ယင်းသို့ သက်တမ်းလွန်နေသည့်အတွက် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်သက်တမ်း မတိုးမြှင့်ပါက သက်တမ်းလွန် ဆင်များကို ဆင်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနထံမှ သိရသည်။ 

“သက်တမ်းလွန်တယ်ဆိုရာမှာ ဥပမာ တခြားကို လွှဲပြောင်းလို့လား ပိုင်ရှင် သေဆုံးတာလားဆိုတာကို သတင်းပို့ပြီး မှတ်ပုံတင် ပြန်သက်တမ်းတိုးဖို့ လိုပါတယ်။ ဆင်မှတ်ပုံတင် ပယ်ဖျက်ခံရရင်တော့ တရားမဝင် ဖြစ်သွားပြီး အရေးယူခံရပါမယ်”ဟု ကရင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဂျွန်ထွန်းဦးက ပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် အိမ်မွေးဆင်ကောင်ရေမှာ ၅၀၀၀ ဝန်းကျင်ခန့်ရှိပြီး တောဆင်ရိုင်းကောင်ရေမှာ ၃၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းထံမှ သိရသည်။

E-03