News

POST TYPE

LOCAL

ဒေါ်လာဈေးကျ
22-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ပြန်ကျလာသော ဒေါ်လာဈေးသည် အမေရိက၌ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုး မြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

ပြင်ပဒေါ်လာဈေးနှင့် ဗဟိုဘဏ်ဈေးတို့သည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၆ ကျပ်ခန့် ကျဆင်းပြီး ဆက်လက် ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောဆိုသည်။

ဒေါ်လာဈေးသည် လက်ရှိအမေရိက၏ ဘတ်ဂျက်သစ်ကို အထက်လွှတ်တော်က အတည်မပြုနိုင်ခဲ့သည့်အတွက် ဒေါ်လာတန်ဖိုးများ ကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ဒေါ်လာဈေးက (တစ်ဒေါ်လာ) ၁၃၃၀ လောက်ထိ ကျနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဒေါ်လာတန်ဖိုး ကျဆင်းနေတာကတစ်ကြောင်း၊ ပြည်တွင်းမှာကလည်း ကားတင်သွင်းမှုကမရှိ Earning ကလည်း မဝယ်ဆိုတော့ ဆက်ကျဖို့ပဲရှိပါတယ်”ဟု Myanmar Sunflower ငွေလဲကောင်တာမှ ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်သည် မျှတနေကြောင်း ၎င်းကဆိုသည်။

ဒေါ်လာဈေးသည် ယခုလအတွင်း တဖြည်းဖြည်း ကျဆင်းနေရာ ပြင်ပဒေါ်လာ ဈေးသည် ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီ တတိယပတ်အတွင်းထိ တစ်ဒေါ်လာလျှင် ၁၂ ကျပ်နှင့် ဗဟိုဘဏ်နှုန်းထားမှာ ယင်း ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇ ကျပ်အထိ ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ငွေကြေးဈေးကွက်အတွင်း ပြင်ပဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၃၄၀ ကျပ်နှင့် ဗဟိုဘဏ်နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၁၃၄၄ ကျပ်ဈေးရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိအမေရိက၏ ဘတ်ဂျက်သစ် အခြေအနေသည် အထက်လွှတ်တော်က အတည်မပြုနိုင်သေးသည့်အတွက် အစိုးရယန္တရား ရပ်ဆိုင်းသွားခဲ့ပြီး အစိုးရ ဝန်ဆောင်မှု အများအပြား ရပ်ဆိုင်းထားရမည်ဖြစ်သည်ဟု BBC သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

S-04