News

POST TYPE

LOCAL

၁၃ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ရန် ကြံစည်သူကို ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချ
12-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၁၁ 

အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ 

သာကေတမြို့နယ်၊ အမှတ် (၁၀/မြောက်) ရပ်ကွက်၊ ရတနာပုံ (၂) လမ်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ဘိုအေးသန်း (ခ) ရခိုင်သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၆ နာရီခန့်က နေအိမ်ရှေ့ခန်းတွင် တစ်ဦးတည်း အိပ်ပျော်နေသော အသက် ၁၃ နှစ်၊ ၇ လအရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်နေစဉ် မိန်းကလေးက နိုးလာပြီး သူခိုးသူခိုးဟု အော်ဟစ်သဖြင့် ထွက်ပြေးသွားရာက အမှုဖွင့်ခံရပြီး တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

“စစ်ဆေးပေါ်ပေါက်ချက်အရ အပြစ်ရှိတဲ့အတွက် ထောင်ဒဏ်အပြစ်ပေးခဲ့တာပါ။ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ချလိုက်တယ်။ ချုပ်ရက်တွေ ထုတ်နုတ်ခံစားခွင့်ပြုထားပါတယ်”ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှု ၂၂၉ မှုရှိခဲ့ရာ ယင်းမုဒိမ်းမှုများတွင် အရွယ်ရောက်ပြီး သားမယားပြုကျင့်ခံရမှု ၆၉ မှု၊ အသက် ၁၆ နှစ်အောက် ခိုးရာလိုက်ပြေးသဖြင့် သားမယားပြုကျင့်ခံရမှု ၉၆ မှု၊ အရွယ်မရောက်သေးသူ သားမယားပြုကျင့်ခံရမှု ၆၄ မှုရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု ၂၇၀ မှုရှိခဲ့ပြီး ယင်းမုဒိမ်းမှုများတွင် အရွယ်ရောက်ပြီးသူ သားမယားပြုကျင့်ခံရမှု ၈၄ မှု၊ အသက် ၁၆ နှစ်အောက် ခိုးရာလိုက်ပြေးသဖြင့် သားမယားပြုကျင့်ခံရမှု ၁၁၆ မှု၊ အရွယ် မရောက်သေးသူ သားမယားပြုကျင့်ခံရမှု ၇၀ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16