News

POST TYPE

LOCAL

မြှုပ်ထားသည့်အလောင်းကို ၁၀ ရက်အကြာတွင် ပြန်ဖော်စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်
12-Jan-2018
မြိတ်၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြှုပ်နှံထားသည့် လူသေအလောင်းအား ၁၀ ရက်ကျော်အကြာတွင် ပြန်လည်တူးဖော်ရာ စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ပုလောမြို့မရဲစခန်းထံမှ သိရသည်။

ပုလောမြို့နယ် ကဒဲ - လက်ပံပြင်ရွာတွင် အမျိုးသားတစ်ဦး၏ အလောင်းအား ဒီဇင်ဘာလ ၂၈ ရက်နေ့က မြှုပ်ထားပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် သေဆုံးသူ၏ အစ်မဖြစ်သူက ရဲစခန်းတွင် လာရောက်တိုင်ကြားခဲ့သည့်အတွက် တူးဖော်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြှုပ်နှံပြီး ၁၂ ရက်အကြာ ဇန်နဝါရီလ ၉ ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆရာဝန်တို့နှင့်အတူ တူးဖော်စစ်ဆေးခဲ့ကြောင်း ပုလောမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။

မြေမြှပ်စဉ်က ရွာသားအချို့၏ ပြောပြချက်အရ ဒဏ်ရာအချို့ ရှိနေသည်ကို သိရှိရသဖြင့် အစ်မဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကဒဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇေယျာဖြိုးက ပြောကြားသည်။

အလောင်းအား တူးဖော်စစ်ဆေးခဲ့ရာ ဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဝမ်းကွဲညီဖြစ်သူက ဓားဖြင့်သတ်ထားပြီး မြှပ်နှံထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှသိရသည်။

အကြွေးတောင်းရာမှ လက်လွန်ပြီး လူသတ်မှုဖြစ်ခဲ့ရကြောင်း ဦးဇေယျာဖြိုးက ဆိုသည်။

လက်လွန်ပြီး ဓားဒဏ်ရာများရရှိခဲ့သည်ကို အခြားသူလက်ချက်ဖြင့် ဒဏ်ရာရရှိဟန်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာလမ်းခရီးတွင်ပင် သေဆုံးသွားရာ သက်ဆိုင်ရာဌာနများသို့ အကြောင်းမကြားဘဲ မြေမြှုပ်ခဲ့ကြောင်း ပုလောရဲစခန်းမှ သိရသည်။

“ဖော်တဲ့အခါ ဒဏ်ရာတွေလည်း တွေ့ပါတယ်။ သတ်တဲ့သူကိုလည်း ဖမ်းမိပါပြီ”ဟု ပုလောမြို့မ စခန်းမှူး ဒုရဲမှူး အောင်မျိုးဝင်းက ပြောသည်။

လူသတ်မှုကျူးလွန်ထားသည်ဆိုသည့် ဝမ်းကွဲညီဖြစ်သူအား ပုလောမြို့နယ် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Dawei Watch