News

POST TYPE

LOCAL

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ နားလည်မှုလွဲဟု KNU ဥက္ကဋ္ဌပြော
12-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၁၁

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နားလည်မှု မတူညီသည်ကို တွေ့ရှိရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။

ဇန်နဝါရီလ ၁၁ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး၏ မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများကို တပ်မတော်က ဟန့်တားမှုများ ကြုံတွေ့ရသည့်ဖြစ်စဉ်ကို ၎င်းက အဓိကထား၍ ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဦးတည်ကာ ပြင်ဆင်နေသည့်လုပ်ငန်းစဉ်တွင် မမျှော်လင့်ဘဲ တိုင်းရင်းသားလက်နက်ကိုင်များ နားလည်ထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အစိုးရဘက်က နားလည်မှုများ မတူညီသည်ကို တွေ့ရှိရသည့်အတွက် ညှိနှိုင်းဆွေးနွေးရမည့် အစည်းအဝေးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားသည်။

ထို့ပြင် လူထုတွေ့ဆုံပွဲများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသည် နိုင်ငံရေးယဉ်ကျေးမှုအသစ်၏ ကျောရိုးများဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမိန့်ပေးနာခံမှုစနစ်နဲ့ သွားတာမျိုးမဟုတ်ဘဲ အပြန်အလှန် အသိအမှတ်ပြုမှု လေးစားမှုပြသကာ ယုံကြည်မှု တည်ဆောက်ခြင်းကို အခြေခံတာဖြစ်တဲ့အတွက် Stakeholder တွေကြား ဘုံသဘောထားရရှိရေး ညှိနှိုင်းကြဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးညီလာခံ သတ်မှတ်အချိန်အတွင်း ကျင်းပဖြစ်၊ မဖြစ်ကိုလည်း ဆွေးနွေးသွားရမည်ဖြစ်ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကြန့်ကြာနေမှုကို အဖြေရှာသွားရမည်ဖြစ်ကြောင်း အစည်းအဝေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWTJ) ခေါင်းဆောင် ဖဒိုစောတာ ဒိုမှူးက ပြောကြားသည်။

“ဒါကြောင့် PPST (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) ဘက်က ပြန်တိုင်ပင်သင့်တယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲရဲ့ အဓိက အနှစ်သာရက ပြည်သူလူထုနဲ့တွေ့ဆုံပြီး သဘောထားရယူမှုတွေ လုပ်ရမယ်။ နိုင်ငံရေး အခင်းအကျင်းအသစ်တစ်ခုထဲမှာ အတူတကွ ပါဝင်နိုင်တယ်ဆိုတဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်ထိုးထားသည့် RCSS လက်နက်ကိုင်အဖွဲ့သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့နယ်တွင် တရားဝင် ဦးဆောင်ကျင်းပပြုလုပ်ခွင့် ရရှိထားခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲမတိုင်မီ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းကို တပ်မတော်က တားမြစ်မှုများကြောင့် ဇန်နဝါရီလ ၁၂ ရက်တွင်ပြုလုပ်မည့် လင်းခေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်နှစ်ခုတွင်သာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။

NCA လမ်းကြောင်းအရ ဒေသအသီးသီး၌ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲများမှ တက်လာသည့်သဘောထားများကို ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းရခြင်း ဖြစ်သောကြောင့် ဇန်နဝါရီလကုန်တွင် ကျင်းပမည့် အဆိုပါညီလာခံမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်နေသည်။

J-08