News

POST TYPE

LOCAL

ရေမဆေးကျောက်ရှာသူများကို တရားဝင်လုပ်ကွက်များ ချပေးမည်
12-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရေမဆေးကျောက်ရှာသူများကို တရားဝင် ကျောက်စိမ်းလုပ်ကွက်များချပေးရန် အမိန့်ကြော်ငြာစာ ထုတ်ပေးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

တစ်ပိုင်တစ်နိုင် ကျောက်စိမ်းလုပ်ကွက်များ ချပေးရန် ဝန်ကြီးဌာနသို့ အမိန့်ကြော်ငြာစာ တင်ထားသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ယခုနှစ်အတွင်း လုပ်ကိုင်ခွင့် ချပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ်အားလုံးရှိ ဒေသခံ ရေမဆေးကျောက်ရှာသူများကို ကျောက်စိမ်းလုပ်ကိုင်ခွင့်ချပေးရန် စဉ်းစားထားပြီး ပထမဆုံးအစီအစဉ်အနေနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တစ်ပိုင်တစ်နိုင်ကျောက်ရှာဖွေသူများကို လုပ်ကိုင်ခွင့် ဦးစွာချပေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ကျောက်မျက်ဥပဒေက နည်းဥပဒေ မထွက်လာသေးတဲ့အတွက် အမိန့်ကြော်ငြာစာထုတ်ပြီး တစ်ပိုင်တစ်နိုင်ရှာတဲ့သူတွေကို လုပ်ကိုင်ခွင့်ပေးဖို့ လုပ်တာပါ။ 

ရေမဆေးကျောက်ရှာတဲ့သူတွေက ကုမ္ပဏီနဲ့လည်း ပြဿနာဖြစ်တယ်။ မြေစာပုံတွေ နားသွားရင်လည်း အန္တရာယ်ရှိနိုင်တဲ့အတွက် လုပ်ကွက်ချပေးဖို့ လုပ်ရတာပါ”ဟု ၎င်းက ရှင်းပြသည်။

တစ်ပိုင်တစ်နိုင် ကျောက်စိမ်းလုပ်ကွက်များ ချပေးမည်ဖြစ်သည့်အတွက် လက်ရှိ သက်တမ်းကုန်လုပ်ကွက်များကို ထပ်မံသက်တမ်းတိုးခွင့် မပေးထားကြောင်း၊ ကျောက်မျက်ဥပဒေအရ အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ကွက်များ ခွဲခြားတော့မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကျောက်စိမ်းလုပ်ကွက်များ ချပေးပါက အမှန်တကယ် ကျောက်စိမ်းထွက်သည့် လုပ်ကွက်များကို ကုမ္ပဏီနှင့် ဒေသခံအကြားတွင် အညီအမျှချပေးရန် အရေးကြီးကြောင်း၊ ဘက်မမျှမတဖြစ်လျှင် ယခင်ပုံစံအတိုင်း ကုမ္ပဏီလုပ်ကွက်များတွင် ဝင်ရောက်၍ ကျောက်ရှာဖွေနေဦးမည်ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

“ဒီလိုမျိုးလုပ်ပေးတယ်ဆိုတာ တကယ်ကောင်းပါတယ်။ ကချင်မှာဆိုရင် ရေမဆေးကျောက်ရှာသူတွေက အရမ်းကို အခက်အခဲဖြစ်တယ်။ မြေစာပုံတွေနား သွားရင်းနဲ့ အသက်ဆုံးတာတွေလည်း ရှိတယ်။ အခု သူတို့ဆီက ထိုက်သင့်တဲ့အခွန်ယူပြီး လုပ်ကွက်ချပေးတာက ဒေသခံတွေအတွက် အလုပ်ရသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် ကျောက်စိမ်းလုပ်ကွက် သုံးထောင်ကျော်မှာ သက်တမ်းကုန်သဖြင့် ရပ်နားထားရပြီး ကချင်ပြည်နယ်တွင် ခန့်မှန်းခြေ ကျောက်စိမ်းလုပ်ကွက်ပေါင်း နှစ်ထောင်နီးပါး တူးဖော်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ရေမဆေးကျောက်ရှာဖွေသူများ မကြာခဏ သေဆုံးမှုများရှိပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးမှုများလည်း ဖြစ်ပေါ်လေ့ရှိသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဖားကန့်မြို့နှင့် ၁၀ မိုင်ခန့်အကွာ လုံးခင်းကျေးရွာနှင့် ဆိပ်မူကျေးရွာအကြားတွင် ပေတစ်ထောင်ကျော်ရှိ မြေစာပုံပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူများ၏ တဲအိမ်အလုံးငါးဆယ်နီးပါး မြေပြိုသည့်အထဲပါသွားကာ လူတစ်ရာကျော် သေဆုံးခဲ့ဖူးသည်။ ပြိုကျမှုဖြစ်ပွားခဲ့သည့် မြေစာပုံမှာ ကျောက်မျက်ကုမ္ပဏီများက လာရောက်စွန့်ပစ်ထားခြင်းဖြစ်ပြီး မြေစာပုံအောက်ခြေတွင် ရေတိုက်စားမှုကြောင့် ပြိုကျရခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာရှိ ကျောက်စိမ်းတွင်းလုပ်ကွက်အတွင်း မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ ဦးကျော် ထပ်မံသေဆုံးခဲ့သည်။

J-13