News

POST TYPE

LOCAL

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 3 တွင် ဒိုင်လူကြီးများ အပြောင်းအလဲဖြစ် ရန်အောင်နှင့် မျိုးကျော့မြိုင်တို့ အသစ်ထပ်မံပါဝင်
12-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၁ 

မြန်မာနိုင်ငံတွင် လက်ရှိ အအောင်မြင်ဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်သည့် Myanmar Idol ှSeason 3 တွင် ယခင်နှစ်က ဒိုင်လူကြီးဖြစ်သည့် တေးသံရှင် မြန်မာပြည်သိန်းတန်နှင့် တင်ဇာမော်တို့အပြင် သရုပ်ဆောင်ရန်အောင်နှင့် တေးသံရှင် မျိုးကျော့မြိုင်တို့ အသစ်ထပ်မံ ပါဝင်လာမည်ဖြစ်သည်။ 

ရန်ကုန်မြို့၊ Melia Hotel တွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 3 အတွက် စာနယ်ဇင်းရှင်းလင်းပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးမည့်သူများကို အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။

“ဒီပြိုင်ပွဲက အရမ်းပေါက်ထားတာ ဆိုတော့ ကျွန်တော်တို့ ဒိုင်လုပ်ရတာလည်း တာဝန်ကြီးပါတယ်။ ပရိသတ်တွေကလည်း မျှော်လင့်ကြမှာပဲ။ ပြိုင်ပွဲကာလမှာတော့ ကျွန်တော်တို့ဒိုင်အချင်းချင်းလည်း ငြင်းခုံရတာတွေရှိမယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့အပေါ် အမြင်အမျိုးမျိုးရှိကြမယ်။ ဘယ်လိုပဲဖြစ်ပါစေ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ”ဟု ယခုနှစ်တွင် ဒိုင်တစ်ဦးအဖြစ် စတင်ပါဝင်လာသည့် တေးသံရှင် မျိုးကျော့မြိုင်က ပြောကြားသည်။ 

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 3 အတွက် လူရွေးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ ပုသိမ် စသည့် မြို့ကြီးငါးမြို့အပြင် မြို့ပေါင်း ၂၀ တွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် အထူးအစီအစဉ်အနေနှင့် ပြည်ပရောက် ဂီတဝါသနာရှင် မြန်မာလူငယ်များမှာလည်း အွန်လိုင်းမှတစ်ဆင့် အသံဖိုင်ပေးပို့ကာ Audition ဝင်နိုင်မည်ဖြစ်သည်။

“ပြိုင်ပွဲကာလမှာတော့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ သီချင်းတွေကို များများနားထောင်ရပါမယ်။ ကိုယ့်မှာ ဂီတဝမ်းစာပါတယ်၊ ဝါသနာလည်းထုံတယ်ဆိုရင်တော့ ပြိုင်သင့်ပါတယ်။ ဒိုင်တွေရွေးပေးတဲ့ သီချင်းတွေရှိသလို၊ ကိုယ်တိုင်ရွေးရတဲ့ သီချင်းတွေလည်းရှိမယ်။ ဘယ်သီချင်းကိုပဲဆိုဆို ရင်ဘတ်ထဲက အရိုးသားဆုံး ခံစားပြီးဆိုရင် ပရိသတ်ရင်ဘတ်နဲ့လည်း ထပ်တူကျမှာပါ”ဟု Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ၏ Winner ဆုရှင် သားငယ်က ပြောကြားသည်။ 

ယင်းပြိုင်ပွဲကို သြင်္ကန်ပွဲတော်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စတင်ထုတ်လွှင့်ပြသပေးမည်ဖြစ်ပြီး၊ နောက်ဆုံးပွဲစဉ်ကိုမူ ဩဂုတ်လ ဒုတိယပတ်၌ ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။ ပြိုင်ပွဲတွင် Winner ဆု ရရှိသူကို ဆုကြေးငွေကျပ် သိန်း ၅၀၀ နှင့် Solo Album ထုတ်ပေးသွားမည် ဖြစ်သည်။