News

POST TYPE

LOCAL

ရခိုင်ပြည်နယ်အတွင်း ပုဂ္ဂလိက သတင်းစာတစ်စောင် ထုတ်ဝေရန် စီစဉ်မည်
11-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်အတွက် ပုဂ္ဂလိက သတင်းစာတစ်စောင် ထုတ်ဝေရန် မြန်မာ သတင်းမီဒီယာကောင်စီ စီစဉ်မည်ဖြစ်ကြောင်း အဆိုပါကောင်စီ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာမျိုးသန့်တင်က ပြောကြားသည်။

မြန်မာသတင်းမီဒီယာကောင်စီ၏ဦးဆောင်မှုဖြင့် သတင်းမီဒီယာသမား ၂၉ ဦး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ငါးရက်ကြာ သွားရောက်ရာတွင် လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၁ ရက်၊ Orchid Hotel ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

မြန်မာသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ၂ တာဝန်ယူထားသည့် ဒေါက်တာ မျိုးသန့်တင်က “အင်တာနေရှင်နယ် မီဒီယာတွေမှာက တကယ်ဖြစ်ရပ်ကိုမပါဘဲ လုပ်ကြံခဲ့တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ အဲဒီလို အရေးအသားတွေကြောင့် နစ်နာခဲ့တယ်။ မီဒီယာကောင်စီတွေအနေနဲ့ သတင်းအမှန်တွေ ကို တင်ပြချင်ပါတယ်။ လက်တွေ့ ကိုယ်တိုင် ကိုယ်ကျ မီဒီယာသမားတွေနဲ့ ရခိုင်ပြည်နယ်ကို ခရီးထွက်ပါတယ်။ အဲဒီကတော့ သတင်းအမှန်တွေ ထွက်အောင် ရည်ရွယ်ချက်နဲ့ပါ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း သတင်းစာမရှိသည့်အတွက် သတင်းစာတစ်စောင် ထုတ်ဝေရန် ဇန်နဝါရီ နောက်ဆုံးပတ်တွင် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားသည်။

ငါးရက်ကြာ ရခိုင်ပြည်နယ် မြောက်ပိုင်းခရီစဉ်တွင် စံတော်ချိန်သတင်းဌာန၊ 7 day TV၊ မဇ္ဈိမသတင်းဌာန၊ မော်ကွန်း၊ DVB သတင်းဌာနများ အပါအဝင် မီဒီယာများမှ သတင်းထောက် အယောက် ၂၀ နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၉ ဦးတို့ စုပေါင်း၍ ဇန်နဝါရီလ ၆ ရက်မှစတင်ကာ  ကွင်းဆင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရခိုင်အမျိုးသားပါတီ အပါအဝင် အစ္စလာမ်ဘာသာဝင်၊ ရခိုင်လူမျိုး၊ မြိုတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံ၍ ရခဲ့ကြောင်း ၎င်းကပြောကြားသည်။

“မောင်တောမှာ သတင်းသမား တစ်ယောက်ပဲ ရှိတယ်။ သတင်းဌာနတွေက သတင်းသမားတွေကို မောင်တောဒေသမှာ ခန့်ထားပေးမှ မြေပြင်မှာ ဖြစ်နေတာကို ရှင်းရှင်းသိမယ်။ ဒေသခံတွေက သတင်းစာတစ်စောင် ထုတ်ဝေပေးဖို့ကို မြို့မိမြို့ဖတွေက တောင်းဆိုတယ်။ ဒါတွေ လုပ်ပေးနိုင်ရင် ပိုကောင်းတယ်။ ဒေသခံတွေက နယ်စပ်ခြံစည်းရိုးကို ကာပေးစေချင်တယ်၊ လုံခြုံရေး တိုးမြှင့်ချပေးစေချင်တယ်လို့ တောင်းဆိုတယ်”ဟု BBC သတင်းဌာန ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကွင်းဆင်းလေ့လာခဲ့သည့် သတင်းထောက် ကိုခိုင်မြတ်ကျော်က ဆိုသည်။

သတင်းမီဒီယာသမားများနှင့် အာဏာပိုင်များကြားတွင် နားလည်မှု တည်ဆောက်ရန် သတင်းသမားများ မြေပြင်အခြေအနေကိုသိရှိရန် ရည်ရွယ်၍ ငါးရက်တာ ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်။

J-18