News

POST TYPE

LOCAL

သာကေတမြို့နယ်ရှိ အစ္စလာမ်ဘာသာရေးကျောင်း နှစ်ကျောင်း ချိပ်ပိတ်ကာလတိုး
11-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၁၁

သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းကို လုံခြုံရေး တည်ငြိမ်ရန် လိုအပ်ခြင်းကြောင့် ချိပ်ပိတ်ကာလ လေးလ ဆက်လက် တိုးမြှင့်လိုက်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ကနဦး ချိပ်ပိတ်မှုကာလကို ၂၀၁၇ ခုနှစ် ဧပြီလကုန်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လကုန်ထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုမှာ ပထမဆုံးအကြိမ် ထပ်မံ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ ဆက်လက်သိရသည်။

အဆိုပါ ဘာသာရေးစာသင်ကျောင်း နှစ်ကျောင်း ချိပ်ပိတ်မှု ရှစ်လခန့် ကြာမြင့်နေသည့်အတွက် ပြန်လည် ဖွင့်ခွင့်ပြုပေးသင့်ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (International Human Right) က ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အကြိမ်ကြိမ် တောင်းဆိုလျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“လုံခြုံရေး အခြေအနေအပေါ် မူတည်ပြီးတော့ ချိပ်ပိတ်ကာလကို ဒီနှစ်မေလလောက်အထိ တိုးတာပါ။ မြို့ပြတည်ငြိမ်ရေးက ဘယ်အဖွဲ့အစည်းရဲ့ သဘောထား မှတ်ချက်နဲ့မှ ဇောင်းပေးဆောင်ရွက်လို့ မရဘူး”ဟု အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ၌ ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းတွင် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်က လုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ချိပ်ပိတ်ကာလ သက်တမ်းမပြည့်မီ အချိန်ထိ အစ္စလာမ်ဘာသာဝင်များကို ဝတ်ပြုဆုတောင်းမှုများ လာရောက်မပြုလုပ်ရန် ကန့်သတ်ထားကြောင်း သာကေတမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မလိုအပ်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မဖြစ်ဖို့ ဥပဒေအရ ထိန်းထားဖို့ပါပဲ။ ဝတ်ပြုဆုတောင်းမှုတော့ ခွင့်ပြုမထားဘူး”ဟု ၎င်းက ဆိုသည်။

သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်း၌ ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်တွင် လူအင်အား ၁၀ဝ ခန့်က စာသင်ကျောင်း နှစ်ကျောင်း ပိတ်သိမ်းပေးရန် လာရောက် တောင်းဆိုခဲ့ပြီးနောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ချိပ်ပိတ်အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဘာသာရေးစာသင်တဲ့ကျောင်းဖြစ်လို့ အမြန်ဆုံးလေး ဖွင့်ပေးစေချင်တယ်”ဟု အစ္စလာမ်သာသနာရေးရာကောင်စီ (ဌာနချုပ်) အတွင်းရေးမှူး ဦးတင်မောင်သန်းက ဆိုသည်။

သို့သော် စာသင်ကျောင်းနှစ်ကျောင်းကို မည်သည့်အချိန်၌ ပြန်လည် ဖွင့်လှစ်ခွင့် ပြု၊ မပြုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ ညှိနှိုင်း အတည်ပြုချက်သာ အဖြေဖြစ်ကြောင်း သာကေတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။  

J-17