News

POST TYPE

LOCAL

တန်ဖိုးနည်းအိမ်ရာတိုက်ခန်း ငှားရမ်း/ရောင်းချပါက တိုက်ခန်း ပြန်သိမ်းမည်
11-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၁၁ 

တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများ၏ အခန်းတန်ဖိုးငွေ ပေးသွင်းနေစဉ်ကာလအတွင်း ငှားရမ်း၊ ရောင်းချသည်ကို စိစစ်တွေ့ရှိပါက အဆိုပါတိုက်ခန်းကို ပြန်လည် သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို ငှားရမ်းပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံ ဆက်သွယ် တိုင်ကြားနိုင်ကြောင်းလည်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နေထိုင်ခွင့်ရသူတွေအနေနဲ့ တိုက်ခန်းပိုက်ဆံ မကျေသေးခင် ငှားရမ်းခွင့်၊ ရောင်းချခွင့် မရှိပါဘူး။ ငှားရမ်းခွင့်လည်း မပေးထားပါဘူး။ တန်ဖိုးနည်းအိမ်ရာဆိုတာက ကိုယ်တိုင်မနေဘဲ ငှားစားနေတယ်ဆိုတာက လွဲနေတဲ့အတွက် ကျွန်တော်တို့က ခွင့်မပြုဘူး။ ငှားရမ်းသူတွေအနေနဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေကိုတော့ နေထိုင်ခွင့်ပေးလို့ ရတယ်။ အပြင်လူတော့ ငှားလို့မရဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချထားသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်းအိမ်ရာအပိုင်း ၁ နှင့် ၂ မှ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများက တိုက်ခန်းတန်ဖိုး ငွေပေးသွင်းနေစဉ် ကာလအတွင်း တစ်လလျှင် ကျပ်ခုနစ်သောင်းမှ ကိုးသောင်းဝန်းကျင်ဈေးနှုန်းဖြင့် ငှားရမ်းမှုများ ရှိနေကြောင်း အဆိုပါ တိုက်ခန်းကို ဝယ်ယူထားသူများထံမှ သိရသည်။

“အိမ်ရာ မဲပေါက်ထားတဲ့ တိုက်ခန်းတွေကို တကယ်မနေဘဲ ငှားစားနေကြတယ်။ အဲဒီငှားစားတဲ့သူ အများစုက အိမ်ပိုင်ရှိတယ်။ အဲဒီ အိမ်ငှားခနဲ့ သူတို့က ဘဏ်ကို လစဉ် ပေးသွင်းနေတယ်။ တကယ့် အိမ်မရှိတဲ့သူတွေအတွက် အရမ်းကို နစ်နာမယ်။ သေချာစိစစ်ပြီးပေးပါ”ဟု ယုဇနတန်ဖိုး နည်းအိမ်ရာတွင်နေထိုင်သူ ကိုကျော်ဝင်းက ဆိုသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂)မှ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။

J-10