News

POST TYPE

LOCAL

ဘင်္ဂါလီ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ဟုဝန်ခံမှုအပေါ် ဥရောပသမဂ္ဂ ကြေညာချက်ထုတ်
11-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်သည် မွတ်ဆလင်ရွာသား ၁၀ ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ခံခဲ့ကြောင်း၊ အဆိုပါ ရွာသား ၁၀ ဦး၏ အလောင်းများကို မောင်တောခရိုင် အင်းဒင်ကျေးရွာအနီး အစုအပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်း နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံအစိုးရအား လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် စုံစမ်းရှာဖွေရေးအဖွဲ့နှင့် ဂျာနယ်လစ်များ အပါအဝင် အခြားလွတ်လပ်သော လေ့လာသူများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါရန်နှင့် ပဋိပက္ခ ဖြစ်ပွားနေသော နေရာတိုင်းဆီသို့ ၎င်းတို့၏ အတားအဆီးမရှိ လွတ်လပ်လုံခြုံစွာ သတင်းရယူပိုင်ခွင့်ကို နှောင့်နှေးခြင်းမရှိဘဲ ပေးအပ်ပါရန် ဥရောပသမဂ္ဂက ထပ်လောင်း တောင်းဆိုကြောင်း ဖော်ပြထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က ပင်လယ်ကမ်းစပ်ဘက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်သမား ၂၀ဝ ခန့်က တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့သဖြင့် သေနတ်ကို မိုးပေါ်ထောင်ဖောက်၍ သတိပေးတားမြစ်ရာ ထွက်ပြေးသဖြင့် ဖမ်းဆီးရာ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
၎င်းတို့ကို စစ်ဆေးရာ အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှုရှိပြီး ကျေးရွာတွင်နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေ ရဲစခန်းရှိ မော်တော်ယာဉ် ၂ စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းနှင့် နယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ၎င်းဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုဿန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ၎င်းတို့ကို စည်းကမ်းနှင့်အညီ လွှဲပြောင်းခြင်းမရှိဘဲ သတ်ပစ်ခဲ့ခြင်းကြောင့် ပါဝင်သူများ၊ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူမည်ဟု ယင်းသတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ဥရောပသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံရုံး အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံရုံး အကြီးအကဲတို့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

E-02