News

POST TYPE

LOCAL

ရေထွက်ပို့ကုန် ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ဖြင့် စံချိန်တင်
11-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအဖြစ် ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်စ ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိပြီး ယခင်ဘဏ္ဍာနှစ်များကထက် စံချိန်တင်ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ငါး၊ ပုစွန်၊ ငါးခြောက်နှင့် အခြားရေထွက်ကုန်ပစ္စည်း မက်ထရစ်တန်ချိန် ပေါင်း ၃၇၀,၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၄၉၈ သန်း ရရှိထားခြင်းဖြစ်ကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန်ချိန် ၈၀,၀၀၀ ကျော်နှင့် အမေရိကန် ဒေါ်လာ ၅၇ သန်းကျော် ပိုမိုတင်ပို့နိုင်ခြင်း ဖြစ်သည်။ 

“ဒီဘဏ္ဍာနှစ်ကုန် မတ်လအထိ ကျန်တဲ့သုံးလအတွင်းမှာ (ကန်ဒေါ်လာ) သန်း ၇၀၀ အထိ တင်ပို့နိုင်မယ်လို့ မှန်းထားပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ စာရင်းမှန်မှန်ကန်ကန်နဲ့ ပို့ကြမယ်ဆိုရင် ပြည့်မှာပါ။ ဗီယက်နမ်နိုင်ငံဆိုရင် တစ်နှစ်ကို သန်းကိုးထောင်ဖိုးတောင် ပို့နိုင်နေပြီ။ ဒီမှာက သူတို့ရဲ့ ၁၀ ပုံတစ်ပုံတောင် မရှိသေးဘူး။ လာမယ့်ဘဏ္ဍာနှစ်ကျရင် သန်းတစ်ထောင်အထိ ပို့နိုင်အောင်လုပ်ရမယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန်မျှော်မှန်းထားပြီး လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၀၀၀ အထိတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ ပြည်ပတင်ပို့မှု တိုးတက်စေရန်အတွက်လည်း ငါး၊ ပုစွန် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ကာ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းများကို နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၅၈ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၂ သန်းကျော်နှင့် ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မပြီးဆုံးခင် ကိုးလတာအတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် စံချိန်တင်ရရှိထားပြီး ဘဏ္ဍာနှစ်အကုန်တွင် ဒေါ်လာ သန်း ၇၀၀ ရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ 

“ငါး၊ ပုစွန် မွေးမြူတဲ့ လုပ်ငန်းရှင်တွေ တွေ့ကြုံနေရတဲ့ မြေယာအခက်အခဲကို အားလုံးလုပ်နိုင်ကိုင်နိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပြီး ကုန်ထုတ်လုပ်မှုကို အင်နဲ့အားနဲ့လုပ်ရင် ၂၀၁၈ မှာ ငါး၊ ပုစွန် ထုတ်လုပ်မှုတွေ တိုးတက်လာပြီး မျှော်မှန်းသလောက် ဖြစ်မယ်လို့လည်း မျှော်မှန်းတယ်”ဟု မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာသက်မှူးက သုံးသပ်ပြောကြားသည်။ 
 
J-11

  • VIA