News

POST TYPE

LOCAL

ကျောင်းသားကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးသည့်ဆရာမ ခံဝန်ကတိရေးထိုးရ
11-Jan-2018


ကျိုင်းတုံ၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆဋ္ဌမတန်း (ဃ) မှ ကျောင်းသားအချို့ကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးမှုနှင့် ပတ်သက်၍ အဆိုပါဆရာမကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီခန့်က ခံဝန်ကတိ ရေးထိုးစေခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်စိုးသန်းက ပြောကြားသည်။

“တိုင်ကြားခြင်းမရှိပေမယ့် ဒီဖြစ်စဉ်ကို မကျေနပ်တဲ့ ကျောင်းသားအမေက လူမှုကွန်ရက်မှာ တင်ထားတာတွေ့တဲ့အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရယ် နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းပြီး ခံဝန်ရေးထိုးစေတာပါ။ ဒီကျောင်းသား အပါအဝင် အခြားကျောင်းသားတွေကို နောက်ထပ်အပြစ်ပေးရင်တော့ ဆရာမရဲ့တာဝန် ဖြစ်သွားပြီပေါ့”ဟု ယင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက ဆိုသည်။

စာသင်ချိန်တွင် သင်္ချာသင်ခန်းစာကို ပြီးစီးအောင်မတွက်ဘဲ စာအုပ်မထပ်နိုင်သည့် ကိစ္စနှင့်ပတ်သက်၍ စာတော်သည့် တပည့်များဖြစ်လာစေရန် ကျောင်းသားအချို့ကို ကရုဏာဒေါသအလျောက် ဆံပင်ညှပ် အပြစ်ပေးခဲ့မိကြောင်း၊ သားဖြစ်သူ အပြစ်ပေးခံရ၍ မကျေနပ်သည့် မိခင်တစ်ဦး၏ခင်ပွန်းသည် ယခင်က တပည့်ဟောင်းတစ်ဦးဖြစ်ပြီး ဆရာဝန်တစ်ဦး ဖြစ်ကြောင်း ခံဝန်ကတိရေးထိုးခံရသည့် ဆရာမဒေါ်သီတာက ပြောကြားသည်။

“မိုင်းပျဉ်းကနေ ဒီကျောင်းကို အခုနှစ်မှ သားကပြောင်းလာတာပါ။ လွန်ခဲ့တဲ့ သုံးလလောက်ကလည်း ထိုင်ထအခါ ၂၀၀ အပြစ်ပေးတော့ ဆေးရုံတက်ခဲ့ရတဲ့အတွက် သားမှာမွေးကတည်းက အူကျရောဂါကြောင့် ခွဲစိတ်ကုသထားရလို့ ထိုင်ထမလုပ်ခိုင်းဖို့ အတန်းပိုင်ဆရာမကို ပြောထားရတယ်။ အမျိုးသားရဲ့ ဆရာမဖြစ်ခဲ့တဲ့အတွက် ဘယ်မှမတိုင်ကြားပဲ အရမ်းစိတ်မကောင်း ဒေါသဖြစ်ပြီး Facebook မှာ ရေးတင်ခဲ့တာပါ”ဟု ကျောင်းသား၏ မိခင် ဒေါ်ခင်မေထွန်းက ရှင်းပြသည်။

ကျောင်းသားအချို့ကို ဆံပင်ကွက်ကျားညှပ် အပြစ်ပေးမှုနှင့် ပတ်သက်၍ ခံဝန်ကတိရေးထိုးခဲ့ရသည့် ဆရာမဒေါ်သီတာသည် အဆိုပါကျောင်းတွင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က စတင်တာဝန် ထမ်းဆောင်ခဲ့ကာ တိုင်ကြားခံရမှုတစ်ကြိမ်မှ မရှိခဲ့သည့်အပြင် စိတ်သဘောထား ကောင်းမွန်ပြီး သင်ကြားမှုကောင်းမွန်ကြောင်း ကျောင်းသားဟောင်းများနှင့် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

R-16



  • VIA