News

POST TYPE

LOCAL

အမြတ်ငွေများ လာရောက်ရှင်းသူ အမျိုးသားတစ်ဦး ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အမှုဖွင့်ခံရ
11-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၀

လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာလုပ်ငန်း လုပ်ကိုင်ထားသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံသို့ အမြတ်ငွေများ လာရောက်ပေးဆောင်သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကာယိနြေ္ဒပျက်ပြားစေမှုဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်လမ်းတွင် နေထိုင်ပြီး လုံခြံရေးကုမ္ပဏီ၏ အမှုဆောင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၄) ရပ်ကွက်၊ စီဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်သော အစုရှယ်ယာလုပ်ငန်းလုပ်ကိုင်သူ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံသို့ လာရောက်ပြီး အမြတ်ငွေများ ရှင်းလင်းစဉ် ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခံရခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှုဖွင့်ခံရသူက သူ့ယာဉ်မောင်းနဲ့အတူလာတာ၊ သူ့ယာဉ်မောင်းက အောက်ကိုဆင်းပြီး ကော်ဖီမစ်ထုပ် သွားဝယ်နေတုန်း ကာယိနြေ္ဒပျက်ပြားအောင် လုပ်ခဲ့တယ်လို့ တိုင်ကြားထားတယ်။ သူကတော့ မလုပ်ခဲ့ဘူးလို့ ပြောတာပဲ။ တကယ် လုပ်မလုပ်ကတော့ တရားရုံး စစ်ဆေးပေါ်ပေါက်မှ သိရမှာ။ အခုအမှုဖွင့်တဲ့ အမျိုးသမီးမှာလည်း မိသားစုရှိတယ်။ အမှုဖွင့်ခံရသူမှာလည်း မိသားစုရှိတယ်။ အာမခံပေးလို့ ရတဲ့အတွက် အာမခံပေးထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အမှုဖွင့်တိုင်ကြားမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက (ပ)၁၇/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ယင်းဥပဒေပုဒ်မအရ အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်ပါက ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
 
J-16

  • VIA