News

POST TYPE

LOCAL

ကုမ္ပဏီများ အစိုးရအမိန့် ဖောက်ဖျက်ပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ဆောင်ရမည်
11-Jan-2018
သပိတ်ကျင်း၊ ဇန်နဝါရီ ၁၀

ကုမ္ပဏီများအနေနှင့် အစိုးရအမိန့် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ကျပ်သိန်း ၅၀ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ကုမ္ပဏီများဥပဒေ ပြဋ္ဌာန်းရေးနှင့် ဥပဒေပြုရေးကော်မတီက ဇန်နဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည်။

အစိုးရအမိန့် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်သည့် ကုမ္ပဏီများမှ ဒါရိုက်တာအပါအဝင် ဝန်ထမ်းများအားလုံးသည် ၂ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီများ ဥပဒေပြဋ္ဌာန်းရေးနှင့် ဥပဒေပြုရေးကော်မတီက ပြဋ္ဌာန်းလိုက်သော ဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များ ပါဝင်နေသော်လည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကုမ္ပဏီများအပါအဝင် အခြားဒေသများမှ ကုမ္ပဏီများအနေနှင့် ဥပဒေနှင့်အညီလုပ်ကိုင်မှု အားနည်းနေသေးကြောင်း သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးစိုးလွင်က ပြောကြားသည်။

“ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့မြို့မှာ ဆေးရုံဆောက်ခဲ့တဲ့ ရွှေသုန္ဒရီကုမ္ပဏီ။ ဆေးရုံဆောက်ပြီးတာ ဘာမှမကြာသေးဘူး မျက်နှာကြက်ပြုတ်ကြတယ်။ ကုမ္ပဏီကလည်း တာဝန်မယူဘူး၊  အစိုးရကလည်း အရေးယူမှုမရှိဘူး။ ဒီလိုကုမ္ပဏီမျိုးတွေကို ဘယ်လိုအရေးယူကြမလဲ”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဘဏ္ဍာဖြင့် လုပ်ဆောင်သော စီမံကိန်းများကို ဝန်ကြီးဌာနများက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ချပေးပြီးနောက် ယင်းကုမ္ပဏီများ၏ လုပ်ဆောင်နေမှုများကို ကွင်းဆင်းစစ်ဆေးသင့် ကြောင်း၊ သတ်မှတ်စည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများကို အစိုးရအဖွဲ့များအနေနှင့် ကြပ်မတ်ရန်လိုကြောင်း သပိတ်ကျင်းမြို့နယ်လုံးဆိုင်ရာ ကုမ္ပဏီနှင့်စီမံကိန်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်က ပြောကြားသည်။           
 
R-05


  • VIA