News

POST TYPE

LOCAL

တရားရုံးချိန်းလာသည့် အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရ
11-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၁၀

ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ လာရောက်စစ်ဆေးခံသည့် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁၀ ရက်နေ့က တရားရုံးမှအပြန်တွင် ဓားနှင့်ထိုးကာ အသတ်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူများထံမှ သိရသည်။

“အဲဒီအမျိုးသမီးက အမှုရင်ဆိုင်နေတာ ကြာပြီဗျ။ ဒီနေ့လည်း သူ့ရုံးချိန်းလာတယ်။ ပြန်ထွက်တော့ လမ်းကြားလေးကနေအထွက် တရားရုံးဆိုင်းဘုတ်ရှေ့မှာပဲ အမျိုးသားတစ်ဦးက နံကြားကို  ဓားနဲ့ထိုးသွားတာဟု မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၆၆ နှစ်အရွယ်ရှိ ဒေါ်ဝင်းကြည်ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် တရားရုံး၌ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး တရားရုံးအထွက် လမ်းကြားနှင့် ၇၈ လမ်းမဆုံရာအရောက် ကားပေါ်သို့တက်နေစဉ် အမျိုးသားတစ်ဦးက ဝဲဘက်နံကြားသို့ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူများ အဆိုအရ သိရသည်။

ယင်းသို့ ဓားထိုးခံရသည့် ဒေါ်ဝင်းကြည်သည် ယင်းနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ချမ်းမြသာစည် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယင်း လူသတ်မှုနှင့်ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး အမှတ် ၁၁ နယ်မြေရဲစခန်းက ကျူးလွန်ခဲ့သူကို (ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။               

M-04


  • VIA