News

POST TYPE

LOCAL

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သူမြင့်တက်
11-Jan-2018



ဘားအံ၊ ဇန်နဝါရီ ၁၀

ခရီးသွားနေရာသစ်တစ်ခု ဖြစ်လာသည့် ကရင်ပြည်နယ်အတွင်းသို့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တတ်ခဲ့သည်ဟု ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ထိုသို့မြင့်တက်ရာတွင် နိုင်ငံတကာခရီးသွားများကို စာရင်းကောက်ယူရ လွယ်ကူသော်လည်း၊ ပြည်တွင်းခရီးသွားများမှာ အတိအကျစာရင်းကောက်ယူရန် ခက်ခဲမှုများရှိသည်ဟု ယင်းဌာနထံမှ သိရသည်။

“ပြည်ပခရီးသည်အနေနဲ့ ၂၀၁၆ ခုနှစ်မှာ ၁၅၉,၇၄၉ ဦးဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိက ၂၂၅,၃၁၁ ဦး ဝင်ရောက်ခဲ့လို့ ၂ ဆနီးပါးဝင်ရောက်တယ် ပြောလို့ရတယ်၊ ပြည်တွင်းခရီးသွားကျတော့ စာရင်းကောက်တဲ့အခါ ဘုန်းကြီးကျောင်းမှာတည်းတဲ့ သူရှိတယ်၊ အသိဆွေမျိုး မိတ်ဆွေအိမ်မှာ တည်းတဲ့လူတွေရှိတဲ့အပြင် ခုနောက်ပိုင်း ရန်ကုန်ကဆိုရင် နေ့ချင်းပြန်ခရီးတွေအနေနဲ့ လာကြတာများတော့ ဟိုတယ်မှာ မတည်းဘူးဖြစ်လို့ စာရင်းအရတော့ ကျတယ်ဆိုပေမယ့် ၂ ဆလောက်တော့ မြင့်မားပါတယ်”ဟု ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းကျော်က ပြောကြားသည်။

နိုင်ငံတကာ ခရီးသွားလာသူများအနေနှင့် ကရင်ပြည်နယ်သို့ ပြင်သစ်နိုင်ငံသူ/သားများ လာရောက်လည်ပတ်မှု အများဆုံးဖြစ်ပြီး ဂျာမနီနှင့်တရုတ်တို့မှာလည်း များပြားကြောင်း၊ ကရင်ပြည်နယ် အတွင်းသို့ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၉၆ နိုင်ငံနီးပါးမှ လာရောက်လည်ပတ်ခဲ့သည်ဟု ယင်းက ဆိုသည်။  

“ကျွန်တော်တို့ တည်းခိုခန်းမှာတော့ ဒီနှစ်မှာတော့ နည်းနည်းအဝင်နည်းတယ်၊ ပြည်တွင်းဧည့်သည်တွေကတော့ ရုံးပိတ်ကျောင်းပိတ်ချိန်ဆို ပိုများတယ်၊ ပြည်ပကတော့ ကျတယ်လို့မဆိုနိုင်ဘူး၊ မဲဆောက်သွားလည်ကြတဲ့ သူတွေနဲ့ မော်လမြိုင်၊ ကျိုက္ခမီစက်စဲဘက် သွားလည်မယ့်သူတွေကျတော့ ဒီမှာတစ်ညအိပ်ကြတယ်၊ ဘားအံမြို့တွင်း လာလည်တဲ့သူကျတော့ မနက်အစောကြီးရောက်လာပြီး ညနေပိုင်း ပြန်သွားကြတာမျိုးလည်းရှိတယ်”ဟု စိုးဘရားသား တည်းခိုခန်းပိုင်ရှင် ကိုကျော်သူစိုးက ပြောကြားသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော မြိုင်ကြီးငူဒေသရှိ BGF နှင့် ခွဲထွက် DKBA တို့၏ တိုက်ပွဲများကြောင့် ခရီးသွားအပန်းဖြေစခန်း အချို့ကို ပိတ်ပင်ခဲ့ရသော်လည်း ခရီးသွားလာမှုကျ ဆင်းသွားခြင်းမရှိဘဲ ဘားအံတစ်မြို့တည်းပင်လျှင် တစ်နေ့လျှင် လူဦး ရေ ၃၀၀ ကျော် ဝင်ရောက်နေသည်ဟု ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်သူများအနေနှင့် ဘားအံနှင့်မြဝတီကို အဓိကလည်ပတ်ကြလေ့ရှိပြီး၊ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန်အတွက် ဒေသအတွင်းရှိ ဟိုတယ်များမှ ဝန်ထမ်းများကို ဟိုတယ်ဝန်ဆောင်မှု သင်တန်းပေးခြင်း၊ ဟိုတယ်မီးဘေး လုံခြုံရေးသင်တန်းပေးခြင်းနှင့် မီးဘေးအန္တရာယ် လုံခြုံရေးစီမံချက်များကို လုပ်ဆောင်လျက်ရှိသည်ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။           

R-17


  • VIA