News

POST TYPE

LOCAL

ချင်းအစိုးရ ပြည်သူ့လိုအပ်ချက်ကို အကောင်အထည်ဖော်မှု အားနည်းဟု ထောက်ပြ
19-Dec-2017
ကလေး၊ ဒီဇင်ဘာ ၁၉

ချင်းပြည်နယ် အစိုးရအဖွဲ့သစ်၏ ၂ နှစ်တာကာလအတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များ ရှိနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံ Chin Center for Peace and Reconciliation အဖွဲ့က ပေးပို့ထားသည့်စာတမ်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့က ဟားခါးမြို့တွင် Chin Center for Peace and Reconciliation အဖွဲ့နှင့် Fidi foundation တို့ ပူးပေါင်းကျင်းပခဲ့သည့် ချင်းပြည်နယ် အစိုးရနှင့် လူထုပူးပေါင်းပါဝင်မှု မြှင့်တင်ခြင်း ဆွေးနွေးပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ ချင်းပြည်နယ် အစိုးရအဖွဲ့သစ်၏ ၂ နှစ်တာကာလအတွင်း လုပ်ဆောင်မှုများကို ယင်းသို့ ဆွေးနွေးသုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

“ချင်းပြည်နယ်အစိုးရရဲ့ လုပ်ငန်းကဏ္ဍမှာ ဘာတွေ လိုအပ်တယ်ဆိုတာ remind လုပ်တာပေါ့နော်။ အကြံပြုစာမှာပါတဲ့ စာတမ်းတွေက ချင်းပြည်သူလူထုနဲ့ အစိုးရကြားမှာ ဘယ်လိုမျိုး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု တိုးတက်နိုင်သလဲဆိုတာကို အစိုးရဘက်ကလည်း သုံးသပ်လာနိုင်အောင် ချင်းပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့ခြင်း ဖြစ်ပါတယ်”ဟု Chin Centre for Peace and Reconciliation မှ Program မန်နေဂျာ ဆလိုင်းဒုဟူးထန်ကဆိုသည်။ 

ယင်းဆွေးနွေးပွဲမှ ရရှိလာသည့် ချင်းပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပြည်သူများ လိုအပ်ချက် အကောင်အထည်ဖော်မှု အားနည်းကြောင်း အပါအဝင် အားသာချက်ကိုးချက်နှင့် အားနည်းချက် ၁၆ ချက် စသည့် သုံးသပ်ချက်များကို ချင်းပြည်နယ် အစိုးရအဖွဲ့ထံ စာတမ်း ပေးပို့ထားကြောင်း၊ နောက်ပိုင်းတွင်လည်း အဆိုပါ ဆွေးနွေးပွဲများကို ခြောက်လ တစ်ကြိမ် ကျင်းပ၍ သုံးသပ်ချက်များကို ချင်းပြည်နယ် အစိုးရအဖွဲ့ထံ ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။ 

“အစိုးရတစ်ခုအနေနဲ့ အတိုင်းအတာ တစ်ခုထိတော့ ဖြည့်ဆည်းပေးတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ လိုအပ်ချက်တွေက အရမ်းများနေတဲ့အခါကျတော့ လူသား အရင်းအမြစ် ပိုင်းကို အဓိက ထားပြီး လုပ်နေတယ်။ ဒီဟာတွေအားလုံး ပြီးပြည့်စုံတဲ့အချိန်ကျမှပဲ ဒီဟာကောင်းသလား၊ မကောင်းဘူးလား ခန့်မှန်းလို့ရမှာ ဖြစ်တယ်။ မပြီးသေးခင်မှာတော့ ဝေဖန်တာ နည်းနည်းစောမယ်လို့ ထင်ပါတယ်။ လူထုအနေနဲ့လည်း စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုမယ်”ဟု ချင်း ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောဆိုသည်။

R-20


  • VIA