News

POST TYPE

LOCAL

မိုဘိုင်းလ်ငွေကြေး အဖွဲ့အစည်း သုံးခုအကြား ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုစ
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မိုဘိုင်းလ် ငွေကြေး အဖွဲ့အစည်း သုံးခုဖြစ်သည့် OK Dollar, Wave Money နှင့် M-ပိုက်ဆံတို့အကြား အချင်းချင်း ငွေလွှဲနိုင်ရန် နည်းပညာ ချိတ်ဆက်မှုများ စတင်ပြုလုပ်နေပြီး မကြာမီ သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောကြားသည်။ 

“MPU အဖွဲ့ကနေ မိုဘိုင်းလ်တွေကနေ ငွေလွှဲနိုင်အောင် နည်းပညာပိုင်း ကူညီဆောင်ရွက်ပေးလို့ပါ။ နောက်ပိုင်းမှာ မိုဘိုင်းလ်ကနေတစ်ဆင့် အွန်လိုင်းကနေ ငွေလွှဲလို့ရအောင် လုပ်မှာပါ”ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်တွင် Ok Dollar Application တူမှသာ ငွေလွှဲနိုင်မည်ဖြစ်ပြီး အခြားသော App များသို့ ငွေလွှဲနိုင်ခြင်းမရှိကြောင်း၊ App သုံးစွဲမှုအပေါ် မူတည်၍ တစ်နေ့ကို ငွေလွှဲပြောင်းနိုင်သည့် ပမာဏမှာ မတူညီကြောင်း Myanmar Payment Union (MPU) ထံမှ သိရသည်။

မြန်မာနိုင်ငံ မိုဘိုင်းလ် ငွေရေးကြေးရေးကဏ္ဍ၏ စည်းမျဉ်းစည်းကမ်းများအရ မိုဘိုင်းလ်ဖုန်းဖြင့် တစ်ရက်လျှင် အများဆုံး ကျပ်နှစ်သိန်းမှ ကျပ် ၁၀ သိန်းအထိ ငွေလွှဲနိုင်ပြီး Wave Money App သုံးစွဲသူများသည် တစ်ရက်လျှင် ငွေကျပ် ငါးသိန်းအထိ အများဆုံး ငွေလွှဲနိုင်ကြောင်း Wave Money ထံမှ သိရသည်။

“ဒီလိုမျိုး ဗဟိုဘဏ်က ဆောင်ရွက်ပေးတော့ လွှဲနိုင်တဲ့နေရာတွေ ပိုကျယ်သွားတယ်။ လုပ်ငန်းရှင်တွေအတွက်လည်း ပိုအဆင်ပြေသွားတယ်”ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငွေကြေး အဖွဲ့အစည်း သုံးခုက ထုတ်လုပ်ထားသည့် Application များမှ ငွေလွှဲခြင်းအပြင် မီတာ ဆောင်ခြင်း၊ စားသောက်ဆိုင်များတွင် ငွေပေးချေနိုင်ခြင်း၊ ရုပ်သံလိုင်းများ သက်တမ်းတိုးရန် အွန်လိုင်းမှ ငွေပေးချေနိုင်ခြင်းနှင့် ဖုန်းဘီလ် ဝယ်ယူနိုင်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း Myanmar Payment Union ထံမှ သိရသည်။

J-13


  • VIA