News

POST TYPE

LOCAL

တန်ဖိုးသင့်အိမ်ရာ ဂျပန် နမူနာ ဆောက်မည်
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရာတွင် နမူနာယူနိုင်ရန် ဂျပန်အစိုးရက တန်ဖိုးသင့်အိမ်ရာ နမူနာကို ဆောက်လုပ်ရန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အဆိုပါ တန်ဖိုးသင့်အိမ်ရာ နမူနာကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီး၊ နွယ်ခွေအနီးရှိ ပေ ၈၀၊ ပေ ၆၀ မြေကွက် နှစ်ကွက်ပေါ်တွင် ဂျပန်နည်းပညာ၊ ဂျပန်ဒီဇိုင်း၊ ဂျပန်ပစ္စည်းများဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

“အဓိက ဂျပန်အစိုးရက အသင်းနဲ့ချိတ်ဆက်ပြီး အခုတန်ဖိုးသင့်အိမ်ရာ နမူနာ Pilot-Project လုပ်ပြီးရင်တော့ နောက်ပိုင်း ဒီလိုပရောဂျက်တွေ ဆက်လုပ်ဖို့ အဆက်အသွယ်တော့ ရပြီပေါ့။ ဂျပန်အစိုးရကို ဒီလိုပရောဂျက်တွေ လုပ်ရန် ကူညီဖို့ ဆက်လျှောက်ထားဖို့ ရောင်နီ သန်းလာပြီ”ဟု ၎င်းကဆိုသည်။

တန်ဖိုးသင့်အိမ်ရာ နမူနာကို မြို့ပြနှင့် အိုးအိမ်လုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ဂျပန်-မြန်မာ ပူးပေါင်းအဖွဲ့ (JMHU)၊ ဂျပန်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြေကွက်နှစ်ကွက်ပေါ်တွင် အဆောက်အအုံနှစ်ခုကို ပုံစံနှစ်မျိုးဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အခန်းလေးခန်းပါ နှစ်ထပ်တိုက်တစ်လုံးနှင့် အခန်းနှစ်ခန်းပါ နှစ်ထပ်တိုက်တစ်လုံးတို့ကို ဆောက်လုပ်သွားမည်ဖြစ်သည်။

ယခုလက်ရှိ နမူနာ ဆောက်ပြသည့် အိမ်ရာပြီးစီးပါက ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဘဏ်ချေးငွေလုပ်ငန်းများပါ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး နှစ်ရှည်ချေး ငွေစနစ်၊ နှစ်ရှည်အိမ်ရာ ရောင်းချသည့် စနစ်များပါ ပိုမိုတိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-10


  • VIA