News

POST TYPE

LOCAL

သဖန်းဆိပ်နယ်မြေကို ကန်ဒေါ်လာ ၂၇၀ ဘီလီယံဖြင့် အဆင့်မြှင့်မည်
19-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်နယ်မြေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံဖြင့် ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနထံမှ သိရသည်။ 

သဖန်းဆိပ်နယ်မြေကို အဆင့်မြှင့်တင်သည့်လုပ်ငန်းများ ဆောင်ရွက်ရန် စီးပွားရေးကော်မတီထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ပြီး JICA နှင့် နားလည်မှု စာချွန်လွှာ (ဩ့) မရေးထိုးရသေးကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

သဖန်းဆိပ်ဆည်ရှိ အင်္ဂလိပ်ခေတ်ကတည်းက တည်ဆောက်ထားသည့် တာပိုးရေလွှဲဆည်၊ ကင်းတပ်ရေလွှဲဆည်နှင့် ရွှေဘိုတူးမြောင်းမကြီးတို့ကို လက်ရှိ မြေသားမြောင်းမှ ကွန်ကရစ်မြောင်းများအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး စက်မှုလယ်ယာလုပ်ငန်းများနှင့် ကျေးလက် လမ်း အဆင့်မြှင့်တင်ခြင်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

“သဖန်းဆိပ်ဆည်မှာ ရေပေးဝေနေတဲ့ မြောင်းကြီး လေးမြောင်းရှိတယ်။ လောလောဆယ် မြောင်းတွေက မြေသား မြောင်း၊ ရေအလေအလွင့် ဆုံးရှုံးမှု နည်းသွားအောင် အကုန်လုံးကို ကွန်ကရစ် မြောင်း လုပ်မှာ။ ပြီးတော့ ခြွေလှေ့စက်နဲ့ ထွန်စက်တို့ဝယ်ပြီး စက်မှုလယ်ယာ ကူးပြောင်းရေးအတွက်လည်း လုပ်မယ်”ဟု ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ရွှေဘိုခရိုင်တွင် စိုက်ဧကပေါင်း ငါးသိန်းခန့်ရှိပြီး ရေဘေး အဆောက်အအုံ၊ စက်မှုလယ်ယာ ကူးပြောင်းခြင်း၊ မြောင်းလမ်းများ၊ ကျေးလက်လမ်းများနှင့် အရည်အသွေး ကောင်းသည့် မျိုးစေ့များထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“သဖန်းဆိပ်နယ်မြေအကုန်လုံးကို JICA ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံနဲ့ အဆင့်မြှင့်တင်တဲ့လုပ်ငန်း လုပ်တော့မယ်။ ဒါကြောင့် ၂၀၂၀ မှာ ဆန်တန်ချိန် သုံးသန်း မဟုတ်ပါဘူး၊ ရှေ့နှစ်ကို ပြည်ပကို ဆန်တန်ချိန် သုံးသန်းပို့ဖို့ မျှော်မှန်းပါတယ်။ သုံးသန်းက ၂၀၂၀ ကို မရောက်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း ကဏ္ဍအသီးသီးကနေ အစွမ်းကုန် ပံ့ပိုးပါမယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

J-11

  • VIA