News

POST TYPE

LOCAL

ယာဉ်အို/ဟောင်းများ သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက စည်ပင်နှင့် မော်တော်ယာဉ်ဥပဒေများအရ အရေးယူမည်
19-Dec-2017


ရန်ကုန်၊ ဒီဇင်ဘာ ၁၉

တိုင်းဒေသကြီးတွင် ယာဉ်ကြောကျပ် တည်းမှုလျှော့ချရန် အများပြည်သူပိုင် လမ်းနယ်နိမိတ်တွင် အချိန်ကာလ ကြာမြင့် စွာရပ်ထားသည့် ယာဉ်အို၊ ယာဉ်ဟောင်း၊ ယာဉ်ပျက်များကို သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက စည်ပင်နှင့် မော်တော်ယာဉ် ဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ယာဉ်အိုများ အချိန် ကြာမြင့်အောင် ရပ်နားခြင်းကြောင့် လမ်းပိတ်ဆို့မှုများနှင့် လမ်း၏ဥပဓိရုပ်အား အကျည်းတန်စေသောကြောင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား ဖယ်ရှားရမည်ဖြစ်ပြီး ပျက်ကွက်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖယ်ရှားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်က အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“အချိန် ကြာမြင့်အောင် ရပ်နားထားတဲ့ယာဉ်တွေကို ၂၀၁၅ ဥပဒေအပြင် စည်ပင်ဥပဒေနဲ့ပါ အရေးယူလို့ရတယ်။ စည်ပင်ဥပဒေက ပြစ်ဒဏ် ပိုကြီးတယ်။ ဥပဒေနှစ်ခုစလုံးတော့ အရေးမယူပါဘူး”ဟု အမှတ် ၈ ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်များကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅(စက်ပျက်ယာဉ် ကြာမြင့်စွာ ရပ်နားခြင်း) ပြစ်ဒဏ်အရ ကျပ်သုံးသောင်း ချမှတ်နိုင်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ထို့အပြင် စက်ပျက်ယာဉ် ကြာမြင့်စွာ ရပ်နားခြင်းကို စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၈ အရ ကျပ်တစ်သောင်းမှ ကျပ်ငါးသိန်း ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် တစ်နှစ်အထိ ကျမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၈၆၈,၇၃၁ စီး ရှိပြီး ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ခရီးသည်တင်ယာဉ်၊ အိမ်သုံး၊ ကုန်တင်၊ လူစီး၊ တိုက်ကြေယာဉ်အို၊ ယာဉ်ဟောင်း ခုနစ်ထောင်ကျော် အရည်ကျို ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-06

  • VIA