News

POST TYPE

LOCAL

ကျူးကျော်များထားရန် စီစဉ်ထားသည့် တွံတေးတွင် အိမ်ရာများ ၂၀၁၈ ခုနှစ်တွင် စဆောက်မည်
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စမတ်ကတ် ထုတ်ပေးထားသူများကို ထားရှိရန် စီစဉ်ထားသည့် တွံတေးမြို့နယ်ရှိ မြေဧက ၂၆၂ ဧကပေါ်တွင် အိမ်ရာများကို ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါ တွံတေးမြို့နယ်တွင် ကျူးကျော်များအတွက် အိမ်ရာများဆောက်လုပ်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ဒီဇင်ဘာလ ၁၈ ရက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်  ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွံတေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာ ကားလမ်း အနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၇၀ဝ ကျော်တွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး ယခုလက်ရှိ မြေဧက ၂၆၂ ဧကပေါ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်သည်။

“ယခုလက်ရှိ တွံတေးမြို့နယ်မှာ ကျူးကျော်တွေ နေထိုင်ဖို့အတွက် အမြန်ဆုံးဆောက်လုပ်ဖို့ မြေဧက ၃၀ဝ၀ လောက် ရှိတယ်။ ရွာမြေနဲ့သာသနိက အဆောက်အအုံဖယ်တော့ ၂၇၀ဝ ကျော် ကျန်တယ်။ မြေ ၂၆၂ ဧကမှာ ဝန်ကြီးချုပ်က ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အမြန်ဆုံး စဆောက်ဖို့ ပြောကြားသွားတယ်”ဟု ၎င်းက ဆိုသည်။

ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တည်ဆောက်ရာတွင် Public Private Partership (ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း) ဖြင့် အကျိုးတူပူးပေါင်းကာ တည်ဆောက်သွားမည် ဖြစ်သည်။

ကျူးကျော်များနေထိုင်ရန် ဆောက်လုပ်မည့် လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် မြို့မြေအဖြစ် သတ်မှတ်ပြီးသည့်မြေ ၂၀ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ပေ ၄၀၊ ၆၀ မြေသုံးကွက် ပြန်လည်ရရှိမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ  ၂၀၁၆ခုနှစ် စက်တင်ဘာလမှ စတင် ကောက်ယူခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် ကောက်ယူမှု ပြီးစီးခဲ့ကာ ကျူးကျော်များ နေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စု တစ်သိန်း ခြောက်သောင်းကျော်ကို စမတ်ကတ် ထုတ်ယူပေးခဲ့ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူ ဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

J-10


  • VIA