News

POST TYPE

LOCAL

ဆင်ထွက်တိရစ္ဆာန်ပစ္စည်း ရောင်းဝယ်မှု ပပျောက်ရန် ရွှေတောင်နှင့် ကမ္ဘောဇကူညီမည်
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကမ္ဘောဇကုမ္ပဏီအုပ်စုနှင့် ရွှေတောင်လုပ်ငန်းစုတို့က မိုမိုတို့အတွက် ရင်တွင်းစကားသံ “Voices For MoMos” နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဆင်များမှ ရရှိသည့် ပစ္စည်းများနှင့် အခြား တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုများ ပပျောက်စေရန် ကူညီမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

ကမ္ဘောဇကုမ္ပဏီများအုပ်စုသည် “Voices For MoMos” လူထု ပညာပေးလှုပ်ရှားမှုကို ပိုမိုထိရောက်မှုရှိစေရန် ပုံနှိပ်ထုတ်လုပ်သည့် လုပ်ဆောင်ချက်များ၊ ဒစ်ဂျစ်တယ်နှင့် ရုပ်သံလွှင့်ချန်နယ်များ၊ ပြင်ပကြော်ငြာ လှုပ်ရှားမှုများ၊ ၎င်း၏ ဘဏ်ခွဲများနှင့် ATM စက်အလုံး ၁၀၀၀ ကျော်တို့ကို အသုံးပြုကာ တောဆင်ရိုင်းကြီးများ အမဲလိုက် သတ်ဖြတ်ခံနေရသည့် အရေးကိစ္စကို လူထု အသိပညာပေးခြင်းများအဖြစ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး လတ်တလော ကျိုက်ထီးရိုးစေတီ၌ အသစ်စတင်ပြေးဆွဲမည့် ကေဘယ်လ်ကားများတွင် လူထုအသိပညာပေး စာတိုများကပ်ကာ အသိပညာပေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရား၏ ဘေးပတ်လည် နေရာဒေသတစ်ဝိုက်သည် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေသည့် အဓိကနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ထိုနေရာ အနီးတစ်ဝိုက်တွင် လူထု အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ကုန်သွယ်မှုပြုနေသည့် ကုန်သည်များကို တိုက်ရိုက်တားဆီးနိုင်ကြောင်း၊ တစ်ချိန်တည်းတွင် လူထုကို အသိပညာပေးနိုင်ကာ တောရိုင်းတိရစ္ဆာန်များမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို ပြည်တွင်းဘုရားဖူး ခရီးသည်များနှင့် နိုင်ငံခြားသားများ မဝယ်ယူစေရန် ရည်ရွယ်၍ ပထမဦးဆုံး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကမ္ဘောဇထံမှ သိရသည်။

ထို့အတူ ရွှေတောင်လုပ်ငန်းစုကလည်း မိုမိုတို့အတွက် ရင်တွင်းစကားသံ လူထုအသိပညာပေးပွဲများကို ၎င်းတို့၏ ဈေးဝယ်စင်တာများဖြစ်သည့် Junction Square နှင့် Junction City တို့တွင် ကျင်းပပေးမည်ဖြစ်ပြီး ကမ်ပိန်းဗီဒီယိုများနှင့် အခြားသော ကမ်ပိန်းနှင့်ဆိုင်သည့် အချက်အလက်များကို အဆိုပါ ဈေးဝယ်စင်တာများရှိ ရုပ်ရှင်ရုံများတွင် လာမည့် ရက်သတ္တပတ်အတွင်း ပြသပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

S-04


  • VIA