News

POST TYPE

LOCAL

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီသည့်အဖွဲ့လေးဖွဲ့ မြန်မာလူမှုထောက်ကူပြုဆုရ
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်သည့် ထိုင်းနိုင်ငံ အခြေစိုက်အဖွဲ့အစည်းလေးဖွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချီးမြှင့်သော မြန်မာလူမှုထောက်ကူပြု ဆုရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဆုများကို ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED၊ မဲဆောက်အခြေစိုက် မြန်မာပြည်ပူးတွဲလှုပ်ရှားရေး ကော်မတီ JACBA၊ ဘန်ကောက်အခြေစိုက်အဖွဲ့များ ကွန်ရက် ရွှေ့ပြောင်းမြန်မာအလုပ်သမား ကွန်ရက် MMNB နှင့် ထိုင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့တို့ ရရှိခဲ့ခြင်းဖြစ်သည်။

“အသိမှတ်ပြု တိုးတက်မှု ယဉ်ကျေးမှုတစ်ခုလို့ ခံစားရတယ်။ ၂၀၁၇ ထဲမှာ ရွှေ့ပြောင်းလုပ်သားနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိတယ်။ အဆိုးမမြင်ပဲ အသိအမှတ်ပြုပေးတဲ့အတွက် ထူးခြားတယ်” ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

MWRN အဖွဲ့အနေနှင့် ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် အခွင့်အရေး ချိုးဖောက်ခံ အလုပ်သမားများအတွက် စုစုပေါင်း ဘတ်ခြောက်သန်းကျော်၊ မြန်မာနိုင်ငံတွင် ကျပ်ငွေသိန်း ၇၀၀ ကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းကလေးငယ် လေးရာကျော်တို့ကို မြန်မာသင်ရိုးအတိုင်း စာသင်ကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ MICC2 ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အထိမ်းအမှတ်ကို နိုင်ငံတော်တွင် ၂၀၀၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ယနေ့ပြုလုပ်ခဲ့သည့် ပွဲသည် ခြောက်ကြိမ်မြောက်ဖြစ်သည်။

J-18


  • VIA