News

POST TYPE

LOCAL

အရည်အသွေး မမီသည့်ဓာတ်မြေဩဇာများကို အရေးယူမည်ဟု ဝန်ကြီးပြော
19-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အရည်အသွေး ပြည့်မီစွာ မထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို အရေးယူရန်အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ပြီးဖြစ်ကာ မကြာမီ စတင် အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပျဉ်းတောဦးအုပ်စုနှင့် မောက်လင်းအုပ်စုမှ တောင်သူအချို့သည် ရွှေနဂါး ဓာတ်မြေဩဇာ ဝယ်ယူအသုံးပြုပြီး ၎င်းဓာတ်မြေဩဇာ အာနိသင်ကြောင့် စပါးပင်များမှာ ချက်ချင်း ခြောက်လာ၍ ပင်စည်ပုပ်ညိုကာ စပါးပင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် အရေးယူမှုများ ပြုလုပ်ခဲ့ရကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အရည်အသွေးမမီတဲ့ ဓာတ်မြေဩဇာတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ ပြီးတော့ နိုင်ငံရဲ့ ထူထောင်ရေး ကာလအတွင်းမှာ ဆုံးရှုံးမှာလည်း စိုးရိမ်တယ်။ ဒါပေမဲ့လည်း ခွင့်မလွှတ်နိုင်တာက သမ္မာအာဇီဝ မကျတဲ့ အသက်မွေးဝမ်းကျောင်းမှုပဲဖြစ်ပါတယ်။ စောင့်ကြည့်ပါ၊ သတိလည်းပေးပါ ဆိုတာမျိုးကို ပြောခဲ့ပါတယ်။ စောင့်ကြည့်တဲ့ကာလလည်း လွန်သွားပါပြီ”ဟု ဒေါက်တာအောင်သူက ပြောဆိုသည်။  

လက်ရှိတွင်လည်း အရည်အသွေး မမီသည့် ဓာတ်မြေဩဇာများကို အရေးယူမှုများရှိပြီး စောင့်ကြည့်ကာလလည်း ကျော်လွန်သွားသည့်အတွက် ပိုမို ထိထိရောက်ရောက် အရေးယူနိုင်ရန် လုပ်ငန်း အစီအစဉ်များ ချမှတ်ပြီးဖြစ်ကာ မကြာမီ အမိန့်ကြေညာစာ ထုတ်ပြန်၍ စတင်အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

မြန်မာနိုင်ငံအတွင်း အသုံးပြုသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အဓိက တင်သွင်းရောင်းချဖြန့်ဖြူးနေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဓာတ်မြေဩဇာ၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများတွင် မြန်မာလို ရေးသားဖော်ပြထားခြင်း မရှိပါက ကုမ္ပဏီလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

J-11


  • VIA