News

POST TYPE

LOCAL

ရိုက်တာသတင်းထောက်နှစ်ဦးကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ အတည်ပြု
18-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ  ၁၈

နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ တာဝန်ရှိသူများပါသော အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

“မှန်ပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ထဲရေးလက်အောက်မှာရှိတဲ့ ဌာနတွေနဲ့ ဖွဲ့စည်းထားတယ်။ စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတာတော့ သိတယ်။ ကျွန်တော်တော့ မပါဘူး။ ဒီအမှုကို စစ်ဖို့ စစ်ဆေးရေးအဖွဲ့မှာ တပ်မတော် တော့ မပါဘူး။ ပြည်ထဲရေးလက်အောက် မှာရှိတဲ့ ဌာနတွေမှာ ဒီအမှုနဲ့ လိုအပ်တဲ့ သူတွေကို ထည့်ပြီး ဖွဲ့စည်းထားတာပါ။ သူ့မိသားစုနဲ့ တွေ့ဆုံပေးဖို့ကို စစ်ဆေးရေး အဖွဲ့ကပဲ ဆုံးဖြတ်သွားမှာပါ။ စစ်ဆေး ကာလ ကြာမြင့်ချိန်လည်း ပြောမရဘူး”ဟု ၎င်းကဆိုသည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရသည့်မှာ ခြောက်ရက်တာ ကြာမြင့်ပြီဖြစ်သော်လည်း မိသားစုနှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း ကိုကျော်စိုးဦး (ခ) မိုးအောင်၏ညီမဖြစ်သူ မဝါလေးက ပြောကြားသည်။

“ညီမတို့လည်း အဆက်အသွယ်ရဖို့ သတင်း အစအနလေး ရမလား ကြိုးစားနေတယ်။ မီဒီယာတွေကိုလည်း အကူအညီ တောင်းခံပါတယ်။ သူတို့ ဘယ်မှာထားသလဲ သိချင်နေတယ်။ အခုထိတော့ ဘယ်နားမှာရှိလဲကို မသိဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သတင်းများ ရေးသားရန် ကြိုးစားခဲ့သည့် ရိုက်တာသတင်းဌာနမှ မြန်မာ သတင်းထောက် အသက် ၃၁ နှစ်ရှိ ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် အသက် ၂၇ နှစ်ရှိ ကိုကျော်စိုးဦး (ခ) မိုးအောင်ကို စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုနှင့်ပတ်သက်၍ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဒီဇင်ဘာလ ၁၂ ရက်က ထောက်ကြန့်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

J-18


  • VIA