News

POST TYPE

LOCAL

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရသည်ဟုထင်ကြောင်း ဦးဝင်းထိန်ဆို
18-Dec-2017

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ၁၉၂၃ မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာ သတင်းဌာနမှ ကိုသက်ဦးမောင် (ခ)ဝလုံးနှင့် ကိုကျော်စိုးဦး (ခ)မိုးအောင်တို့သည် ထောင်ဖမ်းခံရသည်ဟု ထင်မြင်ကြောင်း အာဏာရပါတီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၏ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော် ထင်တာတော့ ထောင်ဖမ်းခံရတယ်လို့ ထင်တာပဲ။ သူတို့က စာရွက်စာတမ်းတွေနဲ့ မိတယ်လေ။ အဲ့ဒီစာရွက်စာတမ်းတွေက သူတို့နဲ့အတူ ထမင်းစားပြီးတဲ့ ရဲတွေဆီက ရတယ်လို့ သိရတယ်။ ထွက်သွားတော့မှ တစ်နေရာ ကျတော့မှ အဖမ်းခံရတာ။ လက်ပူး လက်ကြပ်မိရော။ သတင်းထောက်လုပ်ပြီး အဲ့လောက် “အ” ရသလား။ လျင်ရမယ်လေ၊ သတင်းထောက်လုပ်ရင် မအကြနဲ့ “အ”ရင် ခံသွားရမယ်”ဟု ၎င်းက ဆိုသည်။ 
 
နေပြည်တော်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် ၈ မြို့နယ် NLD ပါတီ အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စိတ်မကောင်းဘူးဆိုပေမယ့် သူတို့စွဲတဲ့ ပုဒ်မကတစ်မျိုး၊ နဂိုကတည်းက ကြံရွယ်မှန်း သိသာတယ်။ ပုဒ်မက ရွေးချယ်တာတစ်မျိုး၊ နိုင်ငံတော် လုံခြုံရေးဆိုတာက အကြီးကြီး ဖြစ်သွားပြီ။ အဲ့ဒါက နိုင်ငံတကာ ဖိအားရယ်၊ နောက်ရှေ့နေတွေရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီးတော့ သူတို့ကို ဆွဲထုတ်ရမှာပေါ့”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

သတင်းထောက်နှစ်ဦး ထောင်ဖမ်းခံရသည်ဟု  ထင်မြင်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ သတင်းထောက် နှစ်ဦးကို ဖမ်းဆီးရာတွင် နိုင်ငံတော် သမ္မတရုံးကို ခွင့်ပြုချက်တောင်းခံခဲ့ပြီး သမ္မတရုံးအနေနှင့် ခွင့်ပြုချက် ပေးခဲ့ ကြောင်း ပြည်တွင်းသတင်းဌာနအချို့ကိုဖြေကြားခဲ့သည်။

ယင်းဖမ်းဆီးခံ သတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို နေပြည်တော် အခြေစိုက် သတင်းထောက်များက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) တွင် မေးမြန်းခဲ့သော်လည်း မည်သို့ လုပ်ဆောင်နေသည်ကို တိတိကျကျ မသိရသေးကြောင်း၊ အကြောင်းအရာ သိရှိမှသာ ၎င်းဘက်မှ လုပ်ပေးနိုင်သည့်ကိစ္စကို ပြောပြနိုင်မည်ဟု ဖြေကြားခဲ့သည်။

“သတင်းသမားတွေမှာ ပြဿနာ အခက်အခဲ ရှိရင်တော့ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးပါတယ်။ စောစောကဖြစ်တဲ့ ကိစ္စတွေမှာလည်း ဆောင်ရွက်တယ်။ အခုဖြစ်တဲ့ကိစ္စ အခြေအနေကို ပြည့်ပြည့်စုံစုံ တိတိကျကျသိရင် ဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို လုပ်ကိုင် ဆောင်ရွက်ပေးပါ့မယ်”ဟု ၎င်းကပြောသည်။

ရိုက်တာသတင်းဌာနမှ သတင်း ထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ချိတ်ဆက်ကာ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် အပြန် စာရွက်စာတမ်း အချက်အလက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့သတင်းထောက်နှစ်ဦးနှင့် ဆက်သွယ်သော တပ်ဖွဲ့ဝင်နှစ်ဦးကိုပါ ဥပဒေအရ အရေးယူရန် ပြုလုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

၎င်းတို့နှစ်ဦး အဖမ်းခံရသည့်ကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာများတွင် အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပ သတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းယူ ဆောင်ရွက်ခဲ့သည်ဟူသော စာသားကို ထည့်သွင်းဖော်ပြခဲ့ပြီး သတင်းထောက်နှစ်ဦး၏ ဓာတ်ပုံများ ဖော်ပြရာတွင် ကျင့်ဝတ်နှင့်အညီ ဖော်ပြမှု မရှိမှုကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

၎င်းတို့ ဖမ်းဆီးခံရသည့်နေ့က သတင်းထောက် ကိုဝလုံးသည် ၎င်း၏ အထက်အရာရှိထံ ဖမ်းဆီးခံရပြီဟူသော ဖုန်းမက်ဆေ့ချ်ကို ပေးပို့ခဲ့ပြီးနောက် ဆက်သွယ်မှု မရရှိခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ပြောကြားထားသည်။

ယင်းသတင်းထောက် နှစ်ဦးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့ပြီး ၎င်းတို့နှစ်ဦး ပြန်လည် လွတ်မြောက်ရန် ပြည်တွင်း သတင်းသမား အဖွဲ့အစည်း ၁၂ ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်က တောင်းဆိုခဲ့သည်။

S-01


  • VIA