News

POST TYPE

LOCAL

ရွှေတိဂုံပုံစံတူစေတီ အမေရိကန်တွင် ပထမဆုံးတည်မည်
18-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရွှေတိဂုံဘုရားပုံစံတူ စေတီငယ်တစ်ဆူကို ဒီဇင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စု မင်နက်ဆိုးတားပြည်နယ်၊ ချီကာဂိုမြို့ရှိ သီတဂူဓမ္မဝိဟာရကျောင်းတိုက်တွင် ပထမဆုံး တည်ထားမည်ဖြစ်ကြောင်း သီတဂူ ပြည်ပ သာသနာပြုအဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ပုံစံတူ စေတီငယ်ကို မြန်မာနိုင်ငံတွင် သွန်းလုပ်၍ အမေရိကန်နိုင်ငံသို့ ယခုနှစ်အတွင်း ကြိုတင် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပင်မစေတီ၊ အရံစေတီငယ်များနှင့် စိန်ဖူးတော်အသီးသီး တို့ကို သီတဂူဆရာတော် အမေရိကန်နိုင်ငံသို့ ကြွရောက်သည့် ဒီဇင်ဘာလဆန်းက သယ်ယူသွားကြောင်း သီတဂူပြည်ပ သာသနာပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ပနိုင်ငံများတွင် ရွှေတိဂုံစေတီတော်နှင့် ပုံစံတူသည့် စေတီငယ်တစ်ဆူကို သီတဂူဆရာတော်က ပထမဆုံး တည်ထားကိုးကွယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းထံက သိရသည်။

“အမေရိကားမှာ ပထမဆုံး တည်ထားကိုးကွယ်တာပါ။ ဆရာတော်ဘုရားကြီးရဲ့ သက်တော်ရှစ်ဆယ်ပြည့် အထိမ်းအမှတ်အတွက် ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းပြီးတော့ သီတဂူဓမ္မဝိဟာရကျောင်းထဲမှာ ပူဇော်ထားမှာပါ”ဟု ၎င်းကဆိုသည်။

သီတဂူဆရာတော် ဒေါက်တာဉာဏိသာရသည် ပြည်တွင်း၊ ပြည်ပ သာသနာပြု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော ဆရာတော်တစ်ပါးဖြစ်ပြီး ယခုနှစ်အတွင်း ပြည်ပ သာသနာပြု လုပ်ငန်းဖွံ့ဖြိုးရေးအတွက် အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ ယုဂန္ဓာ၊ သီရိလင်္ကာ အပါအဝင် ထိုင်းနိုင်ငံများသို့ သာသနာပြုခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း သီတဂူ ပြည်ပ သာသနာပြုအဖွဲ့ထံမှ သိရသည်။

သီတဂူဆရာတော်သည် ရွှေတိဂုံဘုရား ပုံစံတူစေတီငယ်ကို တည်ထားကိုးကွယ်ပြီးနောက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ လောကနန္ဒာ စေတီတော် ပုံစံတူစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်း သီတဂူပြည်ပသာသနာပြုအဖွဲ့ထံမှ သိရသည်။

ပြည်တွင်း သာသနာပြု လုပ်ငန်းများအနေဖြင့် စစ်ကိုင်းတောင်ရိုးတွင် သီတဂူဗုဒ္ဓတက္ကသိုလ်ကို ထူထောင်၍ ဗုဒ္ဓ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပရိယတ္တိစာပေများကို သင်ကြားပို့ချခဲ့ပြီး ထင်ရှားသည့် သီတဂူ ကြယ်ပွင့် ဆရာတော်များ မွေးထုတ်လျက်ရှိသည်။

J-17


  • VIA