News

POST TYPE

LOCAL

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးအာမခံလျော်ကြေး မြန်မာ့အာမခံလုပ်ငန်းကသာ ပေးလျော်မည်
15-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မီးလောင်မှုဖြစ်ပွားခဲ့သော ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အတွက် မီးအာမခံ လျော်ကြေးကို မြန်မာ့အာမခံ လုပ်ငန်းကသာ ပေးလျော်မည်ဖြစ်ကြောင်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံမှ သိရသည်။

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံတွင် အာမခံထားသည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်အတွက် မီးအာမခံလျော်ကြေးကို ပုဂ္ဂလိက အာမခံကုမ္ပဏီများက ပေးလျော်ရန်မလိုကြောင်း အောင်သစ္စာဦး အာမခံ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်မာလာညွန့်က ပြောကြားသည်။

အဆိုပါဟိုတယ် မီးလောင်ပျက်စီးမှုတွင် မြန်မာ့အာမခံလုပ်ငန်း၌ မီးအာမခံထားသည့် ပင်မ အဆောက်အအုံသာ အဓိက ပျက်စီး ဆုံးရှုံးခဲ့ခြင်းကြောင့် မြန်မာ့အာမခံ လုပ်ငန်းကသာ ပေးလျော်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်မတို့ ပုဂ္ဂလိကအာမခံ ကုမ္ပဏီတွေဆီမှာ အာမခံထားတဲ့ အဆောက်အအုံတွေက ပျက်စီးဆုံးရှုံးမှု မရှိဘူး။ ထူး ကုမ္ပဏီဘက်ကလည်း လျော်ကြေး မယူတော့ဘူးဆိုပြီး ကျွန်မတို့ဆီ စာပို့ထားတယ်”ဟု ၎င်းကဆိုသည်။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်သည် ၂၀၁၃ ခုနှစ်တည်းက ပုဂ္ဂလိက အာမခံ ကုမ္ပဏီများထံတွင် မီးအာမခံအဖြစ် ကျပ်သန်း ၅၀ဝ ကျော် အာမခံထားရှိခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း၌လည်း မီးအာမခံအဖြစ် ကျပ်သန်း ၈၀ဝ ကို အာမခံထားခဲ့သည်။

“ကျွန်တော်တို့ ထူးကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ အာမခံ လျော်ကြေးပေးအပ်ပွဲမှာ အကုန်လုံး ပြောပြပေးပါမယ်”ဟု မြန်မာ့ အာမခံလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းမီးလောင်မှုအတွက် အာမခံ လျော်ကြေးပေးမည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာ့အာမခံ လုပ်ငန်းနှင့် ထူး ကုမ္ပဏီတို့အကြား အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည်။  

J-01

  • VIA