News

POST TYPE

LOCAL

ရန်ကုန်-စစ်တွေ ကားလမ်း ဗုံးဆက်တိုက်ပေါက်မှုကြောင့် မြို့နယ်အချို့ လုံခြုံရေး တင်းကျပ်
15-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၅ ရက်က ဗုံးဆက်တိုက် ပေါက်မှုကြောင့် မြို့နယ်အချို့ လုံခြုံရေး တင်းကျပ်လိုက်ကြောင်း  ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက် ၈နာရီ ၂၀ မိနစ်ခန့်က အဆိုပါလမ်းပေါ် ဖားပျော်ရွာအနီး ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့သဖြင့် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ အမ်း အပါအဝင် ဆက်စပ် မြို့နယ်များကို လုံခြုံရေးအင်အား တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

“ပေါက်ကွဲမှုက ရခိုင်ကိစ္စနဲ့ ဆက်စပ်နေတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးတာ၊ စစ်ဆေးတာတွေ မလုပ်သေးဘူး။ သတင်းထောက်လှမ်းနေတယ်။ အခြားမြို့နယ်တွေမှာ ဒီလို ထပ်မဖြစ်ဖို့ လုံခြုံရေး တင်းကျပ် ဆောင်ရွက်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဗုံးသုံးလုံး ပေါက်ကွဲစဉ် ဆေးပစ္စည်းနှင့် ထောက်ပံ့ရေး ရိက္ခာများ တင်ဆောင်လာသော အမှတ် (၈၂၈) တပ်မတော် ထောက်ပံ့ရေးတပ်မှ ယာဉ်တန်း ဖြတ်သွားချိန်တွင် အချိန်ကိုက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ယာဉ်တန်းသည် စစ်တွေ- ရန်ကုန် ကားလမ်းအတိုင်း အမ်းဘက်မှ မောင်းနှင်လာစဉ် မိုင်တိုင် ၈၄ / ၄ ဖာလုံ အရောက် ဗုံးနှစ်လုံး၊ မိုင်တိုင် ၈၅/ ၅ ဖာလုံတွင် ဗုံးတစ်လုံး အသီးသီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယာဉ်သုံးစီး မိုင်းစ ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း ရဲမှူးကြီး အောင်မြတ်မိုးက ဖြည့်စွက် ပြောကြားသည်။

“ပေါက်ကွဲမှုဖြစ်တဲ့ နယ်မြေက ရောထွေးမှု ရှိနေတယ်။ ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်း စစ်ဆေးနေတုန်းပဲ။ ထူးခြားရင် ထူးခြားသလို သတင်း ထုတ်ပြန်ပေးမှာပေါ့”ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

အလားတူ မင်းပြားမြို့နယ်တွင် ယခုနှစ် စက်တင်ဘာလ ၁၉ ရက်က လက်လုပ်မိုင်းသုံးလုံး ပေါက်ကွဲမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် မသင်္ကာဖွယ် ဘင်္ဂါလီ အမျိုးသား တစ်ဦးကို စက်တင်ဘာလ ၂၃ ရက်တွင် မင်းပြားမြို့နယ် တန်ဆိပ်ကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။   

J-17


  • VIA