News

POST TYPE

LOCAL

ဒဂုံမြောက်တွင် YBS (၁၄) ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း
15-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၁၄) ယာဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး ဒဂုံမြောက်မြို့နယ်အတွင်း ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းကာ ပါရမီကားဝင်းမှ သခင်မြပန်းခြံအထိသာ ခရီးစဉ် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိပြေးဆွဲနေသော စီ အဆင့် YBS (၁၄) ယာဉ် ၃၉ စီးကိုဖျက်သိမ်းကာ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး အဲယားကွန်း တပ်ဆင်ထားသည့် တရုတ်နိုင်ငံထုတ် Yutong အမျိုးအစား ယာဉ်အသစ် အစီး ၅၀ ဖြင့် ခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။

“ဒဂုံမြောက်ဘက်မှာ ခရီးစဉ် မပြေးဆွဲဖြစ်တော့ကြောင်း YRTA ထံ တင်ပြထားပါတယ်။ ဘုရင့်နောင်လမ်းက အကျယ် ၁၈ ပေပဲရှိတာ။ အခု ကားအသစ်တွေက တစ်စီးကို မျက်နှာစာအကျယ် ၁၀ ပေကျော်တယ်။ ကားနှစ်စီးဆို အဲဒီလမ်းမှာ ဘယ်လိုမှ မောင်းလို့ မရတော့ဘူး။ ပြီးတော့ ကွန်ကရစ်လမ်းထုက အမြင့်ကြီး ခင်းထားတာ။ လက်ရှိ ပြေးဆွဲနေတဲ့ ကားဟောင်းတွေတုန်းကလဲ တစ်စီးနဲ့တစ်စီး ရှောင်ပေးရာက လမ်းဘေးပြုတ်ကျလို့ ခဏခဏ သွားဆွဲတင်ပေးရဖူးတယ်”ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးမင်းနိုင်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီကားဝင်းတွင် YBS (၁၄) ယာဉ်ရပ်နားစခန်းထား၍ သခင်မြပန်းခြံအထိ ခရီးစဉ် ပြေးဆွဲမည်ဖြစ်သောကြောင့် ယခင် ခရီးစဉ်ထက် ခြောက်မိုင် ပြေးဆွဲမှု လျော့နည်းခဲ့ပြီး ဒဂုံမြောက်မြို့နယ် ဘုရင့်နောင်လမ်းတွင် မီနီဘတ်စ်ယာဉ်များ အစားထိုး ပြေးဆွဲပေးရန် YRTA က စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒဂုံမြောက်ထဲမှာ ခရီးစဉ် မဆွဲဖြစ်တဲ့ အဓိကအချက်က ကားရပ်နားဝင်း မရှိတာနဲ့ လမ်းကျဉ်းတာတွေကြောင့် မဆွဲဖြစ်တော့တာပါ။ ခရီးသည်တွေမှာတော့ လတ်တလော အခက်အခဲအချို့ ရှိနိုင်တယ်။ အဲ့လမ်းမှာက YBS (၁၄) တစ်ခုထဲ ပြေးဆွဲနေတာလေ။ အခုတောင် ကားမလာလို့ ခရီးသည်က ဖုန်းဆက်လှမ်းတိုင်တယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ YBS (၁၂) ၊ (၁၄)၊ (၂၅)၊ (၃၀)၊ (၃၈) ယာဉ်လိုင်း ၅ လိုင်းကို ယာဉ်အစီးရေ ၂၆၇ စီးဖြင့် ခရီးစဉ်များ ပြေးဆွဲပေးနေသည်။

S-03


  • VIA