News

POST TYPE

LOCAL

ဆရာတော် ဦးပါမောက္ခ၏ အာမခံ လျှောက်ထားမှု ပယ်ချခံရ
14-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၃ 

အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုဖြင့် ဖမ်းဆီးခံရသည့် ဆရာတော် ဦးပါမောက္ခကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ အာမခံ လျှောက်ထားသော်လည်း ပယ်ချခံခဲ့ရပြီး အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ဒီနေ့ ရုံးထုတ်တော့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမယ့် ရှေ့နေနှစ်ဦး ပါဝါတင်တယ်၊ ပြီးတော့ အာမခံ လျှောက်တယ်၊ ငြိမ်းစုစီ ပုဒ်မ ၁၉ အတွက်က ဆယ်သိန်းတန် အာမခံနဲ့ ပေးတယ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) က အာမခံ ပေးလို့မရဘူးဆိုပြီး တရားသူကြီးက ပယ်ချလိုက်တယ်၊ အဲဒီပယ်ချလိုက်တဲ့အပေါ် မကျေနပ်ရင် ခရိုင်တရားရုံး၊ တိုင်းတရားရုံးကို အယူခံ တက်နိုင်တယ်လို့ တရားသူကြီး ပြောတယ်”ဟု ဆရာတော် ဦးပါမောက္ခ၏ တပည့် ဦးအောင်မြိုင်က ရှင်းပြသည်။

ဆရာတော်ဦးပါမောက္ခ၏ အမှုကို လိုက်ပါဆောင်ရွက်နိုင်ရန် တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးအေးနှင့် အထက်တန်းရှေ့နေ ဒေါ်ကြည်ပြာစိုးတို့က လိုက်ပါ ဆောင်ရွက်မည်ဖြစ်ပြီး ယခုအခါ မကွေး ကျောင်းဆရာတော် ဦးပါမောက္ခအမှု ကူညီဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဆရာတော်၏ လိုအပ်ချက်မှန်သမျှကို ကူညီနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဆရာတော်မှ အကျဉ်းထောင်အတွင်းတွင် အစာငတ်ခံပြမည်ကို အသက်အရွယ်အရ မလိုလားကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ဆရာတော် ဦးပါမောက္ခကို နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မြေယာကိစ္စ ဆန္ဒထုတ်ဖော်ရန်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် လာရောက်တင်ပြ လျှောက်ထားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က လူဝတ်လဲကာ ဒဂုံ မြို့မရဲစခန်းတွင် ချုပ်နှောင်ပြီး ယနေ့ ရုံးထုတ်ကာ အမှုကို ဆက်လက် စစ်ဆေးနိုင်ရန် နိုဝင်ဘာလ ၂၁ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမေရိကန် သံရုံးထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာ လူမှုအသိုင်းအဝန်းဟု သုံးနှုန်းဖော်ပြခဲ့သည့်အတွက် ကန့်ကွက်ကြောင်းဆန္ဒ ထုတ်ဖော်ခဲ့ရာ နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ ခွင့်ပြုပေးသည့် ဗိုလ်စိန်မှန်ကွင်းတွင် လုပ်ဆောင်ခြင်း မရှိဟုဆိုကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခံရသဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုရာတွင် ၎င်းအပါအဝင် ဆရာတော် ဦးဉာဏဓမ္မ၊ ဦးသုစိတ္တ၊ ဦးဝင်းကိုကိုလတ်၊ ဦးနောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ ဦးနေဝင်းအောင် (ခ) ရန်ကုန်နှင့် ဦးသက်မျိုးဦးတို့ဖြစ်ပြီး ဆရာတော် သုံးပါးကို ဖမ်းဝရမ်း ထုတ်ဆင့်ကာ လူပုဂ္ဂိုလ် လေးဦးကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကမာရွတ် မြို့နယ်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ဆရာတော် ဦးပါမောက္ခကို ဖမ်းဆီးရုံးထုတ်ခဲ့သော်လည်း ကျန်ဆရာတော် နှစ်ပါးဖြစ်သည့် ဦးသုစိတ္တနှင့် ဦးဉာဏဓမ္မတို့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

J-16


  • VIA